09-261334475

၂၀၁၉ အတွက် ရမှတ်ကောင်းသွားတဲ့ မန္တလေးမြို့တော်စည်ပင်

မန္တလေးမြို့တွင်း နေထိုင်သူတွေမှာ စည်ပင်သာယာရဲ့ အမှိုက်သိမ်းကားလာဖို့ အရေးကို လည်ပင်းရှည်အောင် မျှော်ကြရတယ်။ မညီမညာလမ်းတွေဟာ မြို့သစ်တွင်သာမက မြို့တွင်း အဓိကကျတဲ့နေရာတချို့မှာ ရှိနေပြီး လမ်းမီးတွေကလည်း လင်းတစ်နေရာ၊ မလင်းတစ်နေရာနဲ့ ခပ်မှိန်မှိန်သာ ရှိနေခဲ့ပါတယ်။

ရေမြောင်းတွေဆိုလည်း အမှိုက်တွေ ပိတ်နေတာမို့ မိုးရွာရင် လမ်းမထက် ရေပြည့်လျှံပြီးနောက် တင်ကျန်ခဲ့တဲ့ မိုးရေတွေက တော်တော်နဲ့ ပြန်မကျတတ်ပေ။

မန္တလေးမြို့ခံတွေအဖို့ အထက်ကဆိုခဲ့တဲ့ ထင်သာမြင်သာသော အကြောင်းအရာတချို့ ကြုံနေရပြီဆိုရင် ထိုအရာတွေက လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဖြစ်အပျက်များသာဖြစ်ပြီး ယခုအခါမှာတော့ ကြုံရသမျှဟာ ထိုအရာတွေနဲ့ လုံးလုံးဆန့်ကျင်ဘက်တွေသာ ဖြစ်နေခဲ့ပါပြီ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီအစိုးရတက်လာပြီးနောက် မန္တလေးမြို့တော်ဝန်အဖြစ် ဒေါက်တာရဲလွင်ကို ရွေးချယ်ချိန်မှာ မနှစ်သက်တဲ့ ဝေဖန်သံတချို့ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လူအများရဲ့ လေးစားချစ်ခင်မှုကို မြို့တော်ဝန်က သိမ်းကျုံးရယူထားနိုင်ခဲ့ပါပြီ။ စည်ပင်သာယာရေးကော်မတီဝင်တွေအဖြစ် ပြင်ပနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ ရွေးချယ်ဖွဲ့စည်းတဲ့ ဗျူဟာနဲ့အတူ မြို့ရဲ့ မြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လူထုက တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

"မြို့တော်ဝန်ကတော့ မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့ စေတနာအပြည့်နဲ့လုပ်တယ်၊ လုပ်ငန်းတွေမှာလည်း မျက်မြင် မြင်နေရတဲ့အပေါ်မှာ ကျေနပ်အားရမှု ရှိပါတယ်"လို့ ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။

စင်စစ် စည်ပင်သာယာရဲ့ ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ အပါအဝင် မြို့ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပေမဲ့ ယခင်နဲ့ မတူတဲ့ ပြောင်းလဲဖွံ့ဖြိုးမှုတွေ ရှိလာတာကို မငြင်းနိုင်ပါဘူး။ ထိုအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကပင် အသိအမှတ်ပြုခဲ့ရပြီး ယခု မြို့တော်ဝန်လက်ထက်မှာ ဆုတွေ တသီကြီးရရှိခဲ့တာလည်း ငြင်းမရတဲ့အချက်ပင် ဖြစ်ပါတယ်။ စမတ်စီးတီးအဖြစ် အလားအလာ အကောင်းဆုံးရှိသော မြို့ ၁၀ မြို့ကို GovInsider, The ASEAN Post, The Economist Intelligence Unit (EIU), ASEAN

Smart Cities Network (ASCN) project profile တို့ကို အခြေခံပြီး CIO Asia.com ကအွန်လိုင်းအယ်ဒီတာ Cristina Lago က သုတေသနပြုလုပ် ထုတ်ပြန်လိုက်တဲ့အထဲမှာ မန္တလေးမြို့လည်း ပါဝင်လာခဲ့ပါတယ်။ ထို့အတူ ဒီနှစ်ထဲမှာပဲ Asian- Oceanian Computing Industry Organization (ASOCIO) က ပေးအပ်တဲ့ ASOCIO Smart City Award 2019 ၂၀၁၉ ဆု၊ GovInsider Innovation Award အဖွဲ့နဲ့ United Nations Economic and Social Commission for Asia Pacific တို့ပူးပေါင်းပေးအပ်တဲ့ The Rising Star Award ဆုတွေကို ရရှိခဲ့ပါတယ်။

မြို့ပြဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် အဲဒီလို အသိအမှတ်ပြုခံရခြင်းမှာ စည်ပင်သာယာရေးကော်မတီအဖွဲ့က နည်းပညာကို ကောင်းစွာအသုံးပြုလာခြင်းက အားသာချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဥပမာ -Internet of Things (IoT) sensors အသုံးပြုပြီး ယာဉ်သွားလာမှုကို ပိုအဆင်ပြေချောမွေ့အောင် ထိန်းချုပ်ပေးတာ၊ မီးပွိုင့်တွေမှာ စီစီတီဗီတွေ တပ်ထားပြီး ထိန်းချုပ်ခန်းကနေ စောင့်ကြည့် မှတ်တမ်းတင်တာ၊ အမှိုက်ကားတွေမှာ ဂျီပီအက်စ်စနစ်တပ်ထားပြီး အမှိုက်သိမ်းကားတွေသူတို့သွားရမယ့် လမ်းကြောင်းအတိုင်း သွားမသွား စောင့်ကြည့်တာ တွေဟာ နည်းပညာကို အသုံးချပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်သကန်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် တစ်မြို့လုံးပတ်ပြီး လမ်းခင်းတာ၊ မီးတိုင်စိုက်တာ၊ မြောင်းစနစ် ပြုပြင်တာတွေမှာအချိန်တိုအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပြန်ပါတယ်။

"မန္တလေးမြို့တွင်း ဧရိယာမှာ ဖွံ့ဖြိုးနေတာကို မကြည့်ဘဲနဲ့ မဖွံ့ဖြိုးခဲ့တဲ့ချမ်းမြသာစည်မြို့နယ်လို နေရာမျိုးမှာ မီးတိုင်တွေဆိုလည်း ရွေးကောက်ပွဲမတိုင်မီနဲ့ အခုသုံးနှစ်သက်တမ်းအတွင်းမှာ အများကြီးကွာခြားသွားတယ်။ အများကြီး လုပ်ဖို့လိုအပ်နေသေးပေမဲ့ အရင်ကထက်စာရင် တစ်နှစ်တစ်နှစ်မှာ လမ်းတွေဖြစ် မြောက်လာတယ်။ ဘာပဲပြောပြော ဒါတွေက အားရစရာပါ။နောက်တစ်ခုက ပြည်သူတွေပေါ့။ ချမ်းမြသာစည်မြို့နယ်မှာဆိုရင် ကိုယ်ထူကိုယ်ထလမ်းတွေက ရာခိုင်နှုန်းအများဆုံးပဲ။ မီးတိုင်မှာလ·တာ ကျွန်တော်တို့မြို့နယ်မှာ အများဆုံးပဲ။ မြို့တော်စည်ပင်လုပ်ဆောင်ချက်က မှန်ကန်တယ်ထင်ပြီးတော့ ပြည်သူကလည်း ဝိုင်းလ·တော့ မြိုင်မြိုင်ဆိုင်ဆိုင် တိုးတက်လာတာ"လို့ ဦးမြင့်အောင်မိုးက ဆိုပါတယ်။

စည်ပင်သာယာက မြို့ပြဖွံ့ဖြိုးရေး လုပ်ဆောင်မှုကို မန္တလေးမြို့ခံတွေကလည်း လက်မနှေးဘဲ ပူးပေါင်းပါဝင်မှုကလည်း မြို့ပြဖွံ့ဖြိုးမှုအတွက်ပိုမို အားကောင်းစေခဲ့ပါတယ်။

"မြို့တော်စည်ပင်ရဲ့ လုပ်ဆောင်ချက်ကို ယုံကြည်တာရယ်၊ ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေအတွက် အတူပူးပေါင်းပါဝင်ချင်တာရယ်ကြောင့် အခုလို မြို့ခံလူထုက ပူးပေါင်းကြတယ်လို့ ထင်ပါတယ်"လို့ စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကမှတ်ချက်ပြုပါတယ်။

မြို့ခံတွေပေးတဲ့ အမှတ်ကောင်းကို စည်ပင်သာယာအဖွဲ့က ရနေတဲ့ အချက်တွေထဲမှာ လူမှုကွန်ရက်အသုံးပြုပြီး လူထုအသံကို အချိန်မဆိုင်းဘဲ တုံ့ပြန်ပေးတတ်တဲ့ မန္တလေးမြို့တော်ဝန်ရဲ့ တာဝန်သိမှုလည်း ပါဝင်ပါတယ်။ အမှိုက်၊ ရေမြောင်း၊ လမ်းမီး စတဲ့ အဆင်မပြေမှုတစ်ခုခုကို ဝေဖန်ပြောဆိုလာပြီဆိုပါက သက်ဆိုင်ရာဝန်ထမ်းကို တိုက်ရိုက် ညွှန်းဆိုအသိပေးကာ ဖြေရှင်းဖို့ သတိပေးတတ်တာမျိုးပါ။ အခုလိုကြောင့်ပဲ မြို့တော်ဝန်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ အသစ်စိုက်မယ်လို့ အသိပေးလိုက်တော့ လူထုက သိန်းပေါင်း သောင်းချီ လ·ခဲ့ကြပါတယ်။ လမ်းမီးတိုင်တွေ အသစ်လုပ်မယ်ဆိုတော့လည်း ဝိုင်းလ·ကြတာ ကျပ်သိန်းသောင်းချီပါပဲ။ လာမယ့်နှစ်မှာဆိုရင်လည်း လမ်းမီးတိုင်ပေါင်း ၁၀,ဝ၀ဝ ကို ကျပ်သန်း၁,၇၀ဝ ခန့်လျာထား စိုက်ထူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

"အခုခေတ်က ဆိုရှယ်မီဒီယာခေတ်ပါ။ မှန်မမှန် ချင့်ချိန်ပြီး သုံးသပ်ရမှာ။ အားသာချက်က အောက်ခြေလူတန်းစားတွေ ဖြစ်ပျက်နေတာ သိနိုင်တယ်၊ တာဝန်ရှိတဲ့ လူကြီးတွေက သိပြီး လုပ်ပေးတာရှိတယ်။ အခုတော့ အမှိုက်သိမ်းတာ၊ အဆင့်မြင့်သန့်စင်ခန်းတွေ လုပ်ပေးတာ၊ လမ်းမီးတိုင်တွေ၊ လမ်းတွေလုပ်တာ သဘောကျတယ်။ ဖြည်းဖြည်းချင်း သွားရမှာပေါ့။ အခု ဒီလောက်နဲ့ ကျေနပ်ပါတယ်။ စည်ပင်သာယာကို အမှတ်ကောင်းကောင်းပေးပါတယ်" လို့ မန္တလေးမြို့မှ ပရဟိတသမား ကိုဝမ်းက ပြောပါတယ်။ အမှိုက်သိမ်းစနစ်မှာ ယခင်ကနဲ့ များစွာ ကွာခြားလာသလို မြေကွက်နဲ့ အဆောက်အအုံတွေ ကြားခံနေတာမို့ နှစ်ပေါင်းများစွာ လမ်းပိတ်ဖြစ်နေခဲ့တဲ့ မြို့တွင်းအဓိက လမ်းမတချို့ကို တိုးလျှိုပေါက်ဖြစ်အောင် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခဲ့တာလည်း စည်ပင်ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

"အမှိုက်သိမ်းစနစ်က (အရင်ကနဲ့) တော်တော်လေးကိုကွာတယ် ပြောရမှာပေါ့။ ၂၀၁၆-၁၇ လောက်မှာ တော်တော်အခက်အခဲရှိပေမဲ့ အခုနောက်ပိုင်း အမှိုက်ကားတွေ တိုးလာတယ်။ လမ်းသွယ်တွေ ဝင်နိုင်ဖို့အတွက် သုံးဘီးတွေ တိုးလာတယ်။ နောက်တစ်ခုက ဒီနှစ်မှာ စလုပ်နိုင်တာက လမ်းဆုံတွေမှာ ဘယ်ကားသည် ဘယ်အချိန်မှာ ဘယ်နှရက်လာမယ်၊ မလာလို့ရှိရင် ဆက်သွယ် တိုင်ကြားနိုင်ကြောင်း လမ်းဆုံတွေမှာ စာတွေ ကပ်ပေးထားတာ ကျွန်တော်တို့မြို့နယ်မှာ ရှိတယ်။ တခြားမြို့နယ်တွေမှာလည်း ရှိမယ်ထင်ပါတယ်။ တာဝန်ခံတွေကို ဆက်သွယ်တဲ့အခါ အရင်ကလို ဆိုးဆိုးရွားရွား မရှိတော့ဘူး" လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။

တချို့ကိစ္စရပ်တွေကို အစီအစဉ်ချပြီး လုပ်ဆောင်ပါက ပိုမိုကောင်းမွန်နိုင်ကြောင်းနဲ့ ဘယ်အစိုးရတက်တက် စည်ပင်သာယာက ဆက်လက်ရှိနေဦးမှာမို့ မြို့ပြဖွံ့ဖြိုးရေး ဘတ်ဂျက်ရေးဆွဲရာမှာ မဖွံ့ဖြိုးသေးတဲ့ မြို့သစ်ဧရိယာတွေဖြစ်တဲ့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တွေကို ဦးစားပေးဘတ်ဂျက်ရေးဆွဲပြီး တစ်ပြေးညီ ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်စေလိုကြောင်း ၎င်းက ပြောပါတယ်။

"တချို့ကိစ္စတွေမှာ master plan နဲ့ မသွားတဲ့အပေါ် အခက်အခဲလေးတွေ ရှိတယ်။ ဒါလေးတွေကို စနစ်တကျနဲ့ဆောင်ရွက်မယ်ဆိုရင် မန္တလေးမြို့ ခြောက်မြို့နယ်က တော်တော်ဖွံ့ဖြိုးလာမှာ စနစ်တကျနဲ့ လုပ်ဖို့ဆိုတာလည်း အစီအစဉ်လေးတွေနဲ့ သွားဖို့ပါပဲ။ လိုအပ်ချက်က တချို့နေရာတွေမှာ အစီအစဉ်မရှိဘဲ လုပ်လိုက်တဲ့အခါ အခက်အခဲလေးတွေ ရှိသွားတာပေါ့။ ဥပမာပြောရရင် မီးတိုင်စိုက်တဲ့နေရာမှာ တချို့နေရာတွေက ယာဉ်ကြောကျပ်သွားနိုင်လား၊ မကျပ်သွားနိုင်ဘူးလား။ လတ်တလော မကြည့်ဘဲ လေး၊ ငါး၊ ၁၀ နှစ် ကြည့်ရမှာကိုး။ ဒါကြီးတွေ ငွေကုန်ကြေးကျခံ လုပ်ခဲ့ပြီးမှ နောင်လာမယ့် တစ်နှစ်၊ နှစ်နှစ်နေမှ မန္တလေးမြို့မှာ ယာဉ်ကြောတွေ ကျပ်လာလို့ ဒါကြီးတွေ ပြန်ဖျက်ရမယ်ဆိုရင် ကျွန်တော်တို့ အဆင်မပြေဘူး။ အစီအစဉ်လေးနဲ့ အနည်းဆုံး ငါးနှစ်၊ ၁၀ နှစ် ကြည့်ပြီးတော့ လုပ်သင့်တာတွေကို စနစ်တကျ ပြောချင်တာပါ"ဟု ပြောသည်။

စည်ပင်သာယာရဲ့ လုပ်ဆောင်ချက်မှာ ဝန်ကြီးဌာနတွေထဲ အထင်သာ အမြင်သာဆုံး ဖြစ်နေပေမဲ့ တခြားအလုပ်လုပ်နေတဲ့ ဝန်ကြီးဌာနတွေလည်း ရှိနေတာကြောင့် အမှတ်ပေးရမယ်ဆိုရင် ဒီလို ဌာနတွေအားလုံးကို ဂုဏ်ထူးမှတ်ပေးလိုကြောင်း ဦးမြင့်အောင်မိုးက ပြောပါတယ်။

"စည်ပင်သာယာ လုပ်ဆောင်ချက်ကတော့ ဘာပဲပြောပြော အမှတ်ပေးမယ်ဆိုရင် ဝန်ကြီးဌာနတွေ အများကြီးရှိတဲ့အထဲမှာ သူက အထင်သာအမြင်သာဆုံးဖြစ်နေတယ်။ တချို့ဝန်ကြီးဌာနတွေ လုပ်တော့ လုပ်နေတယ်။ ဥပမာ လျှပ်စစ်ဝန်ကြီးဌာနအောက်မှာဆိုရင် ကျေးလက်မီးလင်းရေးမှာ ၂၀၁၅ တုန်းက ခေတ်အဆက်ဆက် လုပ်လာခဲ့တာ ကျေးရွာပေါင်း ၂,ဝ၀ဝ ကျော်ပဲ မီးလင်းနိုင်ခဲ့တယ်။ အခု သုံးနှစ်အတွင်းမှာ ၂ဝ၀ဝ ကျော်ထပ်ပြီး မီးလင်းနိုင်တယ်။ တကယ်ဆိုရင် သူ့ကိုလည်း ဂုဏ်ထူးမှတ်လို့ ပြောလို့ရတယ်။ ဘာပဲပြောပြော စည်ပင်သာယာရော၊ အလုပ်လုပ်နေတဲ့ ဝန်ကြီးဌာနတွေကိုရော ဂုဏ်ထူးမှတ်ပေးတယ်လို့ ပြောရမှာပေါ့"ဟု ဦးမြင့်အောင်မိုးက ပြောပါတယ်။ 

Facebook comments