09-261334475

မန်းအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပိုဖြစ်လာပြီး ပြည်ကြီးတံခွန်ဘက်ရှိနေရာတချို့ အဝယ်လိုက်လာ

၂၀၁၉ ခုနှစ်ကုန်ခါနီးအချိန် မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်ပိုမိုဖြစ်လာပြီး ယခု ရက်ပိုင်းအတွင်း ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိနေရာတချို့နှင့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ  မြေကွက်များမှာ အဝယ်လိုက်လာကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းများနှင့်မြေပွဲစားများထံမှ သိရသည်။

လတ်တလော ဈေးကွက်အနေအထားအရ မြို့တွင်းပိုင်းထက် မြို့သစ်ဘက်ပိုင်းတွင်သာ အရောင်းအဝယ် ဖြစ်မှုပိုမိုများပြားနေရာ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ တန်ဖိုးသင့်တင့် သည့်မြေကွက်များအပြင် ရဲမွန်တောင်၊ ထွန်တုံး၊ ထန်းကိုးပင်၊ မြရည်နန္ဒာ၊ အောင်ပင်လယ်ရပ်ကွက်တို့နှင့် ပုသိမ် ကြီးမြို့နယ်အတွင်းရှိ ကျပ်သိန်းတစ် ထောင်အောက် နေအိမ်ခြံဝင်းများ အရောင်းအသွက်ဆုံးဖြစ်ကာ အငှားဈေးများမှာ ပြန်လည်တည်ငြိမ်လာသည်။

"အိမ်ခြံမြေဈေးနှုန်းတွေကတော့ အခုလိုမျိုးအရောင်းအဝယ်ဖြစ်လာမှု ပေါ်ကိုအကြောင်းပြုပြီးတော့ တက်လာတာမျိုးမရှိသေးဘဲ အခုဝယ်ကြတယ် ဆိုတာကလည်း ပြန်ရောင်းဖို့အတွက် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းလုပ်ဖို့နဲ့ မိသားစုနေထိုင်ကြဖို့အတွက်တွေပါ။ ငွေအရေးတကြီးပေါ်ချင်တဲ့သူတွေ အတွက်တော့ အခုချိန်အခါဟာ မြေကွက်တွေထုတ်ရောင်းဖို့ သင့်တဲ့ အခြေအနေကောင်းတစ်ခုလို့ပြောလို့ရပေမယ့် ဝယ်ခဲ့တုန်းကဈေးထက် အရှုံးခံရောင်းရမှာဖြစ်တဲ့အတွက် တချို့ကတော့ ဈေးကွက်အနေအထားကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။ မန္တလေးအိမ်ခြံမြေဈေးကွက် ဆိုရင် ၂၀၁၃ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အထိ ခြောက်နှစ်အတွင်းမှာ ဈေးနှုန်း တွေက ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့တာကြောင့် လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဈေးကွက်ပြန်လည်ဦးမော့လာဖို့တော့ အချိန်ယူရဦးမှာဖြစ်ပါတယ်"ဟု အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ဝင်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

ယခင်အိမ်ခြံမြေတက်ဈေးနှင့် ဝယ်မိခဲ့သူများအနေဖြင့် တခြားစီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လို၍ ငွေပြန်လည်ဖော်လိုမှုများပြားနေခြင်းကြောင့် အဝယ်ထက်အရောင်း က ပိုမိုနေဆဲဖြစ်ပြီး ဈေးကွက်ကို စောင့်ကြည့်သည့်သဘောဖြင့် မရောင်းသေးဘဲ နှစ်ရှည်ငှားရမ်းသည့် မြေပိုင်ရှင်များလည်းရှိကြောင်း မြေပွဲစားများ ထံမှသိရသည်။

လက်ရှိမန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေသည့်နေရာများနှင့် မြေဈေးနှုန်း များမှာ မြရည်နန္ဒာမြို့သစ်ပိုင်း၊ လမ်း ၅၀၊ ၅၁လမ်း၊ ၅၂ လမ်းဘက်ရှိ လမ်းမေးတင်မြေကွက်များမှာ ငွေ ကျပ်သိန်း ၁,ဝဝဝ ဝန်းကျင်၊ လမ်းကြားကွက်များမှာ ငွေကျပ်သိန်း ၄၀ဝ မှ ငွေကျပ်သိန်း ၇၀ဝ ကြားအထိ၊ တတ၊ ထထ၊ ဒဒ အပိုင်းတို့တွင် ငွေကျပ် သိန်း ၅၀ဝ ဝန်းကျင်၊ စက်မှုဇုန်အနီး လမ်းမေးတင်မြေကွက်များမှာ ငွေ ကျပ်သိန်း ၈၀ဝ မှငွေကျပ်သိန်း ၂,ဝဝဝ အထိအသီးသီးရှိကြောင်း ဈေးကွက် မှသိရသည်။

Facebook comments