09-261334475

လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် စက်မှုဇုန်မြေများကို ပြန်လည်သိမ်းယူမည်

ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များတွင် လုပ်ငန်းဆောင် ရွက်ခြင်းမရှိသည့် မြေကွက်များကို ပြန်လည်သိမ်းယူရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ 

ရန်ကုန်မြို့တွင်း စက်မှုဇုန်အသီးသီးတွင် နေရာချထား သည့် မြေကွက်များ၏ ၆၀ ရာခိုင်နှုန်းသည် လုပ်ငန်းလည် ပတ်မှုရှိနေပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ လုပ်ငန်းဆောင်ရွက်ခြင်းမရှိပေ။ 

"နေရာချထားပေးတဲ့ မြေကွက်တွေမှာ ၆၀ ရာခိုင်နှုန်းက လုပ်ငန်းလုပ်နေတယ်။ ကျန်တာက ခြံစည်းရိုးကာထားပြီး စက်ရုံ၊ အလုပ်ရုံ မတည်သေးတာတွေရှိတယ်။ အဲဒီအတွက် လည်း စာရင်းကောက်ထားတယ်။ အမြန်ဆုံးဆောက်ဖို့ လည်း နှိုးဆော်ထားတယ်။ ဆက်လက်လုပ်ငန်းမတိုးတက် လာရင်တော့ မြေတွေပြန်သိမ်းဖို့ အစီအစဉ်ရှိတယ်"ဟုဦးသန်းက ဆိုသည်။

စက်မှုဇုန်များရှိ မြေနေရာအချို့တွင် ပိုင်ရှင်များအနေဖြင့် ဂိုဒေါင်များ တည်ဆောက်ထားခြင်း ဆောက်လက်စ အဆောက်အအုံများအတိုင်းထားခြင်း၊ စက်ရုံ၊ အလုပ်ရုံလည်ပတ်မှုမရှိခြင်း စသည့်အခြေအနေများကို မှတ်တမ်းတင်ထားကာ မြို့တော်စည်ပင်က ဆက်လက်ကြီးကြပ်မည်ဟု ဆိုသည်။ 

"လုပ်ငန်းတွေ ဘာလို့မလည်နိုင်ကြတာလဲဆိုတာက စီးပွားရေးမကောင်းလို့ပဲလေ။ စက်မှုဇုန်က မြေပိုင်ရှင်အများစုက တိုက်ရိုက်ဝယ်ကြတာမဟုတ်ဘူး။ လုပ်ငန်းလုပ်ချင်လို့ တကယ်လိုအပ်လို့ ဝယ်တဲ့သူတွေပဲလေ။ တချို့နေရာတွေမှာ ဘာကြောင့် လုပ်ငန်းမလည်ပတ်နိုင်လည်း ဆိုတာကို မြေပြင်အခြေအနေနဲ့ သိဖို့လိုတယ်။ စက်မှုဇုန်မြေတွေမှာက ပြဿနာတွေ အများကြီးရှိတယ်။ သိမ်းမယ်ဆိုရင်လည်း ဘယ်ဥပဒေနဲ့လဲဆိုတာ တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ဖို့ လိုတယ်"ဟု ရွှေလင်ပန်းစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်)သို့ ပြောသည်။

စက်မှုဇုန်များအတွင်း မြေကွက် ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသူများ လုပ်ငန်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိပါက ဒဏ်ကြေးအဖြစ် မြေတန်ဖိုး၏၁၀ ရာခိုင်နှုန်းကို နှစ်စဉ်ပေးဆောင်ရန်နှင့် ဒဏ်ကြေးမဆောင်ပါက ပါမစ် (သို့) ဂရန် ပြန်လည်ရုပ်သိမ်းခြင်းခံရမည့်  ပြဋ္ဌာန်းချက်ပါဝင်သော စက်မှုဇုန်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ စက်တင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းတွင် စက်မှုဇုန်အတွင်း မြေကွက်များအား လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြုချက်ရယူ ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေကွက်များကို စိစစ်ရာတွင် အချို့သောမြေနေရာများသည် ကျူးကျော်ပြဿနာများအပြင် တရားရေးရင်ဆိုင်မှုများ ရှိနေသဖြင့် လုပ်ငန်း လည်ပတ်နိုင်ခြင်းမရှိခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် လုပ်ငန်းများ လည်ပတ်နိုင်ရန် သက်ဆိုင်ရာက ကူညီဆောင်ရွက်ညှိနှိုင်းရန် လိုအပ်ကြောင်း စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ခုရှိပြီး စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်တွင် စက်မှုဇုန်အသစ် ၁၁ ဇုန် အသစ်တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်လျက်ရှိပြီး ယင်းစီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြထားဆဲဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသော စက်မှုဇုန်အများစု သည် လျှပ်စစ်မီးအပြည့်အဝမရခြင်း၊ လမ်းကွန်ရက်ချိတ် ဆက်မှုအားနည်းခြင်း၊ ရေနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ဇုန်ပြင်ပ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုအားနည်းခြင်းများ ရှိနေသည်ဟု မြန်မာ့စက်မှုဇုန်ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။


Facebook comments