09-261334475

ရန်ကင်းအိမ်ရာ ပြန်လည်တည်ဆောက်ရေး ပြည်သူ့ဆန္ဒသဘောထား ညီညွတ်ရန်လိုကြောင်း ဆွေးနွေး

ရန်ကင်းအိမ်ရာ ပြန်လည်တည်ဆောက်ရေး ကိစ္စတွင် ပြည်သူများအားလုံး၏ တောင်းဆိုမှုအသံများ ညီရန်လိုအပ်ကြောင်း ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင် က ပြောသည်။

ရန်ကင်းအိမ်ရာ ပြန်လည်တည်ဆောက် ရေးအတွက် လူထုသဘောထား ဆွေးနွေးပွဲ ကို ယခုလ ၆ ရက်က ရန်ကင်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကင်းအိမ်ရာတွင် နေထိုင်သူများက အိမ်ရာအသစ်တွင် အခန်းအကျယ် ၉၀ဝ စတုရန်းပေ ရရှိရေးနှင့် လက်ရှိနေထိုင်သည့် နေရာမှာပင် ပြန်လည်နေထိုင်လိုကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ရန်ကင်းမြို့နယ်သည် လက်ရှိအိမ်ခြံမြေ ဈေးကွက်အနေအထားအရ ဈေးနှုန်းမြင့်မားသည့် အထင်ကရ မြို့နယ်တစ်ခု ဖြစ်ရာ  ပြည်သူများအတွက် ဆောက်လုပ်ပေးမည့် မြေနေရာများအပြင် ပိုနေသည့် နေရာများကို အစိုးရအနေဖြင့် မည်သို့ကိုင်တွယ်မည်ကို ချိန်ထိုးကြည့်သင့်ကြောင်း ဒေါ်သီတာမောင် က ဆိုသည်။

"ရန်ကင်းဆိုတာက သာမန်ကျူးရပ်ကွက် တစ်ခုကို တဲပေါ်ကနေ တိုက်ပေါ်ရောက် အောင် လုပ်ပေးတဲ့ စီမံကိန်းမဟုတ်ဘူး။ အထင်ကရနေရာတစ်ခု ဖြစ်တယ်။ ဒါ့ပြင် လောကအသီးသီးက ထင်ရှားတဲ့သူတွေ နေခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ရန်ကင်း က သမိုင်းရှိတဲ့နေရာတစ်ခုဖြစ်တယ်။ သာမန်ကျူးရပ်ကွက်တစ်ခုလို လုပ်ရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူးဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျွန်မပြောပါတယ်"ဟု ဒေါ်သီတာမောင်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အစိုးရက ရန်ကင်းအိမ်ရာ ဖွံ့ဖြိုးရေးကို လုပ်ဆောင်မည်ဆိုပါက ရန်ကင်းနေပြည်သူ များ၏ သဘောထားများကို အလေးအနက်ထား စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ အခြား နယ်ပယ်က ဖွံ့ဖြိုးပြီးသား စီးပွားရေးသမား များအတွက် ဦးစားပေးသည့် နေရာတစ်ခု ဖြစ်မလာစေရန် လိုကြောင်း ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ရန်ကင်းမြို့ နယ်နေ သူများက ဆိုသည်။

"အခုဒီစီမံကိန်းက ရန်ကင်းပြည်သူတွေ ဖွံ့ဖြိုးရေးအတွက်မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေကို ရန်ကင်းလို နေရာကောင်းကို ခေါ်သွင်းတဲ့ စီမံကိန်းဖြစ်နေတယ်။ ဒီလိုတောင်းဆိုနေတာက လောဘကြီးပြီး စီမံကိန်းကို ပျက်စီးစေလိုတဲ့သဘောနဲ့ တစ်ဖတ်သတ်တောင်းဆိုနေခြင်းမဟုတ်သလို ၂၀၁၃ ခုနှစ်က ရန်ကင်း ၅ ရပ်ကွက်၊ ရန်ကင်းအိမ်ရာမှာ စတုရန်းပေ ၉၁၀ ကို ချထားပေးဖူးတာကြောင့် တောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုနေတဲ့ အခန်းတွေက လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က လူနေမှုစံနှုန်းနဲ့ ဆောက်ထားတာဖြစ်တယ်။ အခုခေတ်စံနှုန်းအရဆိုရင် အနည်းဆုံး ၁၂၀ဝ စတုရန်းပေဖြစ်ရမှာပါ"ဟု အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သော ဦးမိုးကျော်က ဆိုသည်။

အိမ်ရာနေပြည်သူများက အိမ်ရာ ပြန်လည်တည်ဆောက်ရာတွင် ၎င်းတို့၏ သဘောဆန္ဒများကို ထည့်သွင်း စဉ်းစားပေးနိုင်ရန်နှင့် စတုရန်းပေ ၉၀ဝ ရရှိရန် အိမ်ထောင်စုပေါင်း ၁၇၀ဝ ခန့်က လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြထားကြောင်း ရန်ကင်းမြို့နယ်နေ ဦးမောင်မောင်ညွန့်က ဆိုသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သောအိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အစိုးရဘက်က ရန်ကင်းအိမ်ရာသစ်တွင် တိုက်ခန်းအကျယ် စတုရန်းပေ ၆၅၀သတ်မှတ်ပေးရန် ပြောကြားခဲ့သည်။ သို့သော် အိုးအိမ်ဦးစီးဌာနက တိုက်ခန်းအကျယ်အဝန်းများကို လက်ရှိနေထိုင်သည့် အကျယ်အဝန်းထက် စတုရန်းပေ ၁၀ဝ သာ ပိုပေးရန် စီစဉ်နေကြောင်းလည်း ဒေါ်သီတာမောင်က ပြောသည်။

"အိုးအိမ် ဒုညွှန်ချုပ်တို့နဲ့ ပြီးခဲ့တဲ့နှစ်ပတ်လောက်က အကြိုအစည်းအဝေးလုပ်တော့ သူပြောတာက လက်ရှိအကျယ်အဝန်းထက် စတုရန်းပေ ၁၀ဝ ပိုပေးမယ်ဆိုပြီး ပြောသွားတယ်။ လက်ရှိ စတုရန်းပေ ၆၀ဝ သမားက ၇၀ဝ ပဲရမယ်။ ၄၅၀ သမားက ၅၅၀ ပဲရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ပြည်သူကိုတော့ သူတို့ဘက်က တရားဝင် မပြောသေးဘူး"ဟု ဒေါ်သီတာမောင်က ပြောသည်။

ရန်ကင်းအိမ်ရာ ပြန်လည်တည်ဆောက်ရေးကိစ္စကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က လွန်ခဲ့သည့် သုံးနှစ်၊ အစိုးရသစ် စတက်သည့်အချိန်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ခြင်းကြောင့် အစိုးရက အိမ်ရာပြန်လည်တည်ဆောက်ရေးစီမံကိန်းကို လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

"ညီညွတ်တဲ့အသံ ရမှသာ လွှတ်တော်ကိုယ်စား တင်ပြတောင်းဆိုနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံအချက်တွေကို ညှိနှိုင်းမရဖြစ်နေရင် အခြားရပိုင်ခွင့်ရှိတဲ့အရာတွေကို တောင်းဆိုတဲ့အခါ ခက်အခဲတွေဖြစ်လာနိုင်ပါတယ်"ဟု ဒေါ်သီတာမောင်က ဆိုသည်။  ရည်ရွယ်မြင့်

Facebook comments