09-261334475

တာမွေဈေးသစ်တည်ဆောက်ရေး တောင်းဆိုချက်များ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမည်

ယာယီဈေးအဖြစ် ဖွင့်လှစ်ထားသည့် တာမွေဈေးကို အဆင့်မြင့်ဈေးသစ်အဖြစ် တည်ဆောက်ရာတွင် ဈေးသူ၊ဈေးသားများ၏ အကြံပြုတောင်းဆိုချက်များကို ဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။

ဈေးသစ်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ဈေးသူ၊ ဈေးသားများက ဈေးတည်ဆောက်မှုပုံစံတွင် အောက်ခြေ basement မထည့်သွင်းရေး၊ ပတ်ပတ်လည်ဝင်ပေါက်များထားရှိပေးရေး၊ မြေညီထပ်အမြင့်ကို ပေ ၂၀ ထားရှိပေးရေး အစရှိသည့် တည်ဆောက်ရေးဆိုင်ရာ အချက် ရှစ်ချက်ကို တောင်းဆိုခဲ့ကြသည်။

ဈေးသူ၊ ဈေးသားများက တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးရာတွင် မိမိတို့ ဆွေးနွေးပိုင်ခွင့်ရှိသော ဥပဒေဘောင်အတွင်းမှ ဆွေးနွေးပေးကြရန်နှင့် တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူလူထု၏ သဘောဆန္ဒများကို လိုက်လျောဆောင်ရွက်ရာ တွင် ဥပဒေနှင့် ညီညွတ်သော အချက်များကိုသာ ဥပဒေဘောင်ကို မကျော်လွန်ဘဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

"ဥပဒေကို လိုက်နာတတ်တဲ့ နိုင်ငံသားတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ တိုးတက်နေတာ ဥပဒေကို သိရှိလိုက်နာကြလို့ ဖြစ်ပါတယ်။ အခု တာမွေ ဈေးသစ်ကို တည်ဆောက်ရာမှာ ဈေးသူ၊ ဈေးသားတွေအနေနဲ့ မိမိသက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေဘောင်အတွင်းက အကြံပြုပြောဆိုပေးကြပါ"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

အစိုးရအနေဖြင့် ဈေးတည်ဆောက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် ဈေးသူ၊ ဈေးသားများအပေါ် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက် စေလိုကြောင်း၊ ယင်းအပြင် လက်ရှိမြေပြင်အနေအထား များကိုလည်း ကွင်းဆင်းကြည့်ရှုပြီး ပြည်သူ့အသံကို နားထောင်စေလိုကြောင်း တာမွေဈေးကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

"ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေထဲကဥပဒေနဲ့အညီ ညှိပေးလို့ရတဲ့အချက်တွေကို ညှိပေးစေချင်ပါတယ်။ ဥပဒေကို ကောင်းကောင်းနားမလည်ပေမဲ့ ဥပဒေအတိုင်းလုပ်ဆောင်တာကို လက်ခံပါတယ်။ ဈေးသစ်ကြီး တည်ဆောက်တာကိုလည်း ကြိုဆိုပါတယ်" ဟု ဦးဇော်ဝင်း ကပြောသည်။

တာမွေဈေးသစ်တည်ဆောက်ရေးအတွက် မြန်မာ နိုင်ငံ ဗိသုကာကောင်စီ၊ အင်ဂျင်နီယာကောင်စီတို့နှင့် တွေ့ဆုံညှိနှိုင်းကာ မြေပြင်အနေအထားနှင့် သင့်လျော်သည့် အဆောက်အအုံဒီဇိုင်းကို အသေးစိတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတောင်းဆိုသည့် ဆောက်လုပ်ရေးဆိုင်ရာ အချက်များကို ညှိနှိုင်းပေးမည်ဆိုပါက လွှတ်တော်သို့ ပြန်လည်တင်ပြရမည့်အချက် အပါအဝင် အဆင့်ဆင့်လုပ်ဆောင်ရမည့် အချက်များစွာရှိနေသေး သည့်အတွက် ညှိနှိုင်းပေးရန်မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမ·း ဒေါ်လှိုင်မော်ဦးက ပြောသည်။

"ဒီဇိုင်းမဆွဲခင်မှာ ဈေးသူ၊ ဈေးသားတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုချက်တွေ အတတ်နိုင်ဆုံးရရှိနိုင်အောင် ညှိနှိုင်းပြီးမှ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း စံချိန်စံညွှန်းတွေ ကိုက်ညီအောင်လည်း ရေးဆွဲထားတာဖြစ်ပါတယ်"ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။

တာမွေဈေးသစ် တည်ဆောက်ရေးကိစ္စတွင် အစိုးရ ဘက်မှ ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးခဲ့ခြင်း၊ မြေပြင်သို့ကွင်းဆင်းပြီး လူထုနှင့်တွေ့ဆုံခြင်း တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးကြောင်း အခမ်းအနားသို့ တက်ရောက်လာသောဈေးကိုယ်စားလှယ်များက ပြောကြားခဲ့သော်လည်း ဈေးသူ၊ဈေးသားများနှင့်တွေ့ဆုံပြီး ဈေးသစ်တည်ဆောက်ရေးကိစ္စရပ်များကို ငါးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ရှင်းလင်း ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း စည်ပင်ပိုင်ဈေး ၁၈၀ ကျော်ရှိပြီး အဆိုပါဈေးများတွင် ရောင်းဝယ်ဖောက်ကားနေသော ဈေးသည်များကို မြို့တော်စည်ပင်သာယာရေးကော်မတီက အငှားချစာအုပ်များ ပေးအပ်ထားပြီးဖြစ်ကာ အဆိုပါစာအုပ်အတွင်းရှိ စည်းမျဉ်း စည်းကမ်းများအား မဖြစ်မနေ သိရှိလိုက်နာရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

"ဒီဈေးတွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိုင်ဆိုင်တဲ့ ဈေးတွေဖြစ်ပါတယ်။ ပြည်သူပိုင်လည်း မဟုတ်သလို အပျောက်ရောင်းထားတာလည်း မဟုတ်ပါဘူး၊ အငှားချထားခြင်းသာဖြစ်ပါတယ်။ အငှားချစာအုပ်လက်ဝယ်မရှိရင် ဒီဆိုင်ခန်းမှာ ရောင်းချခွင့်ရှိ တယ်လို့တောင် ဆိုလို့မရပါဘူး"ဟု ၎င်းက ပြောသည်။

ဆိုင်ခန်းများ ခွဲဝေနေရာချထားမှုနှင့် ပတ်သက်၍ ဈေးသစ်တည်ဆောက်ရေး တာဝန်ရှိသူများနှင့် ဈေးသူ ဈေးသားများအကြား အငြင်းပွားမှုများ ရှိနေသည့်အပေါ် အဆိုပါဈေးတွင် ရောင်းချမည့် မည်သူမဆို တန်းတူ အခွင့်အရေးသာ ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

Facebook comments