ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့ ရေပေးဝေရေးကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်လိုကြောင်း အဆိုပြုလွှာ များကို သြဂုတ် ၂၈ ရက်မှ အောက်တိုဘာ ၂၈ ရက်အတွင်း တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် စည်ပင်သာယာနယ်နိမိတ် မြို့နယ်များသို့ တစ်ရက်လျှင် ရေဂါလန် သန်း၂ဝဝ ကျော် ဖြန့်ဝေနေပြီး အိမ်သုံးရေ မီတာတစ်ယူနစ်လျှင် ၈၈ ကျပ်နှင့် စီးပွားသုံးအဖြစ် ၁၁ဝကျပ်နှုန်းဖြင့် ကောက်ယူနေခြင်းဖြစ်ကာ တစ်ယူနှစ်လျှင် ရေဂါလန် ၂၂၀ ပါဝင်သည်။ ရန်ကုန်မြို့အတွက် တစ်နေ့လျှင် ရေဂါလန်၂၀၅ သန်း ပေးဝေနေရာမှ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားတွင် ရေယူနစ် ပျောက်ဆုံးမှု များ ရှိနေသည်။
"အဓိက ရေဖိုးတက်ဖို့ မဟုတ်ဘူး။ လက်ရှိပေးနေတဲ့စနစ်ကို ပိုကောင်းချင်လို့ ပုဂ္ဂလိက ပေးဖို့လုပ်နေတာ"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့အတွင်း ရေပေးဝေမှုများသည် လက်ရှိတွင် အရှုံးပေါ်နေပြီး လေလွင့်ပျောက်ဆုံးမှုများရှိသဖြင့် ယင်းတို့ကို ကာမိစေရန် ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်အလို့ငှာရေမီတာများကို ပုဂ္ဂလိကစနစ်သို့ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။
ရန်ကုန်မြို့၏ ရေပေးဝေမှုကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းကို မြို့နယ်၊ ရပ်ကွက်အလိုက်ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ပါက ရေသုံးစွဲမှု အလေအလွင့် ပိုမိုနည်းပါးနိုင်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။ ရန်ကုန်မြို့၏ ရေပေးဝေရေးသည် လက်ရှိတွင် မြို့နေလူထု၏ ၄၅ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်မှုရှိနေပြီး ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင်မူ စည်ပင်မှ ပေးသည့်ရေကို လုံလောက်စွာ မရရှိသဖြင့် ပြင်ပမှ ရေဝယ်ယူသုံးစွဲနေရပြီး အချို့နေရာများတွင် အဝီစိတွင်းရေများမှ ရေကို အဓိကသုံးစွဲနေရခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လာမည့် ၂၀၂၅ တွင် ရန်ကုန်မြို့၏ ၉၀ ရာခိုင်နှုန်းအထိ ရေပေးဝေနိုင်ရန် ရည်မှန်းထားပြီး ရန်ကုန်မြို့ ရေပေးဝေရေးအတွက် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းနှင့် ကုက္ကိုလ်ဝ ရေပေးဝေရေးစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကာ ကုက္ကိုလ်ဝ ရေပေးဝေရေး စီမံကိန်းမှာ ၂၀၂၀ တွင် အပြီးသတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
"ဘယ်အပိုင်းကို ဘယ်လိုပုံစံနဲ့ ပေးမှာလဲဆိုတာ တိတိကျကျမသိသေးတော့ လက်ရှိမှာပြောဖို့ စောသေးတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေက နိုင်ငံတော်က အကုန်ကျခံပြီး လုပ်ထားတဲ့ အပိုင်းတွေလည်းအများကြီးရှိတယ်။ ဒါကြောင့် ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ အခြေခံကျတဲ့ လုပ်ငန်းတွေက ပုဂ္ဂလိကကို ပေးမယ်ဆိုရင် ပိုပြီးတော့စဉ်းစားသုံးသပ်ဖို့ လိုလိမ့်မယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မြန်မာတိုင်း(မ်)သို့ ပြောသည်။
ရန်ကုန်မြို့တွင် စည်ပင်ပိုက်လိုင်းမှ ဖြန့်ဖြူးသည့်ရေသည် လေလွင့်ဆုံးရှုံးမှုများစွာ ရှိနေခြင်းကြောင့် အရှုံးသက်သာစေရန်နှင့် မီတာခပေးဆောင်ခြင်းမရှိဘဲ လွတ်ကင်းနေသည်များ စိစစ်ရန် စီစဉ်နေသည်။ ထိုသို့ ရေမီတာမတပ်ဘဲ သုံးစွဲနေသူများ၊ ရေမီတာခနှုန်းထား ခန့်မှန်းခြေဖြင့် ပေးနေသူများကိုမီတာများ တပ်ဆင်၍ သတ်မှတ်နှုန်းထားဖြင့် ပုံမှန်အတိုင်းကောက်ယူမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက ဇူလိုင် ၃၁ ရက်က ကြေညာထားသည်။
"အခုကတော့ စည်ပင်ရေ ရပေမဲ့ နှစ်ရက်ခြား၊ သုံးရက်ခြားလိုရနေတာ။ ရတဲ့ရေက လျှော်ဖို့လောက်ပဲ သုံးလို့ရတယ်။ သောက်လို့အဆင်မပြေဘူး။ အခုက ရေသန့်ဘူးတွေ သုံးနေရတုန်းပဲ၊ အဲဒီအတွက် သက်သက် စရိတ်ထပ်ကုန်တယ်။ နွေရာသီဆို ရေသန့် ဘူးပြတ်တဲ့ အခက်အခဲလည်းရှိတယ်။ ကန်ထရိုက်စနစ်နဲ့ ပေးရင်တော့ ရေသန့်သန့်ပဲ ရချင်တယ်"ဟု ယုဇနဥယျာဉ်အိမ်ရာတွင် နေထိုင်သူ ကိုဆေးဂဲက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို၊ ဒလ စသည့်နေရာများတွင် စည်ပင်ရေရရှိမှု နည်းပါးနေပြီး နွေရာသီကာလများတွင် သောက်သုံးရေရှားပါးသဖြင့်နှစ်စဉ် ရေအခက်အခဲကြုံရမှု များ ရှိနေသည်။
Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။