ရန်ကုန်မြို့မှအန္တရာယ်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အသင်း များနှင့်ပူးပေါင်း၍ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ)ဌာနမှူး ဦးတင်မောင်ကြည် က မြန်မာတိုင်း(မ်)သို့ ပြောသည်။
ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်များအတွင်း ဆောက်လုပ်ခဲ့သည့် အဆောက် အအုံများနှင့် ၂ဝဝဝ ပြည့်နှစ် မတိုင်ခင်ကာလ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဟူ၍ နှစ်အလိုက်ခွဲခြားထားပြီး နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများလည်းရှိကြောင်း၊ ယင်းအဆောက်အအုံများ၏ ကြံ့ခိုင်မှုများကို မြို့နယ်အလိုက် စစ်တမ်း ကောက်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
"အဆောက်အအုံကိစ္စက မူဝါဒတစ်ခုအနေနဲ့ အကောင်အထည်ဖော်ဖို့ကတော့ ခက်ခဲကျယ်ပြန့်တယ်။ လက်ရှိခေတ်အခြေအနေက မြေပိုင်ဆိုင်မှုတွေကအစ ကိုင်တွယ် ဖြေရှင်းဖို့တွေရှိတော့ နိုင်ငံတော်အကြီးအကဲတွေက ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ လမ်းညွှန်ချက်တွေလည်း လိုလာလိမ့်မယ်"ဟု ၎င်းကဆိုသည်။
ယင်းသို့စစ်တမ်းကောက်ယူရာတွင် မြန်မာနိုင်ငံ မြေငလျင်ပညာရှင်များအသင်း၊ အင်ဂျင်နီယာများ အသင်း၊ သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း တာမွေနှင့် ကျောက်မြောင်းရှိ အဆောက်အအုံများကို စစ်တမ်းကောက်ယူရန် စီစဉ်ထားကြောင်း ဦးတင်မောင် ကြည်က ဆက်လက်ရှင်းပြသည်။
"၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း ကို ပုဂ္ဂလိကကို လုပ်ခွင့်ပေးတဲ့နောက်ပိုင်း အားကောင်း ခဲ့တယ်။ အဲဒီတုန်းက ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုး ကာစဆိုတော့ စက်ပစ္စည်းပိုင်းတွေ၊ နည်းပညာပိုင်းတွေ အရ လိုအပ်ချက်တွေရှိမယ်။ ဒီနေ့ခေတ်ရဲ့နည်းပညာ တွေနဲ့ အစိုးရက အဆောက်အအုံတွေကို ပြန်စစ်ဆေး သင့်တယ်။ ဦးတည်ချက်က ပြည်သူတွေရဲ့လုံခြုံရေးအတွက်ဆိုတာကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဖို့တော့လိုတယ်"ဟု မြန်မာနိုင်ငံမြေငလျင် အသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစောထွေးဇော်ကဆိုသည်။
ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ လူနေထိုင်ခွင့် သက်တမ်းမကုန်ခင် ကာလအပိုင်းအခြားများအတွင်း အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေများကို စည်ပင်သာယာရေးကော်မတီအနေဖြင့် ပုံမှန်စစ်ဆေး သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်လိုကြောင်း၊ မြေငလျင်နှင့်ပတ်သက်၍ ထိခိုက်နိုင်ခြေရှိသည့် ဘေး အန္တရာယ်များကိုလည်း ကာကွယ်နိုင်ရန် အများနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို ထည့်သွင်း စစ်တမ်းကောက်ယူရန် စဉ်းစားရမည်ဖြစ်ကြောင်း ဦးစောထွေးဇော်က အကြံပြုသည်။
"ကွန်ကရစ်တို့ သံတို့နဲ့ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုက ပျမ်းမျှ နှစ် ၅၀ လောက်ပဲ အသုံးပြုသင့် တယ်။ တခြားနိုင်ငံတွေမှာတော့ အဆောက်အအုံတွေမှာ ကြံ့ခိုင်မှုတို့ သက်တမ်းတို့နဲ့ပတ်သက်ပြီး အာမခံစနစ်တွေ ရှိတယ်။ အဲဒီလိုရှိမှလည်း အဲဒီအဆောက်အအုံကို ဝယ်တာ၊ ငှားတာ၊ ရောင်းတာလုပ်ကြတယ်။ ဒီမှာက အဲဒီစနစ်မထွန်းကားတော့ ဒါကလည်း လိုအပ်ချက်တစ်ခု လိုဖြစ်နေတယ်"ဟု ၎င်းကဆိုသည်။
၂ဝဝဝ ပြည့်နှစ်မတိုင်ခင်က ဆောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ရှိ အဆောက်အအုံအများစု ကြံ့ခိုင်မှုအပိုင်းအား ပြန်လည်စိစစ်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုထားသည်။
Source : Myanmar Times
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။