09-261334475

မူဆယ်တွင် လေဆိပ်သစ် ဆောက်လုပ်ရန် တင်ဒါခေါ်မည်

တရုတ်−မြန်မာ နှစ်နိုင်ငံကြား အဓိကကုန်စည်ဖလှယ်ရာမြို့ဖြစ်သည့် မူဆယ်မြို့တွင် လေဆိပ်သစ်တစ်ခု ဆောက်လုပ်ရန် ယခုနှစ်အတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

မူဆယ်လေဆိပ်သစ် စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန် အများပိုင်စနစ် (PPP) ဖြင့် ခေါ်ယူသွားမည် ဖြစ်သည်။ မူဆယ်လေဆိပ်သစ် ဆောက်လုပ်မည့် အရွယ်အစားနှင့် ဝန်ဆောင်မှုပေးနိုင်မည့် ခရီးသည်အရေအတွက်ကို သတ်မှတ်ထားခြင်းမရှိသေးဘဲ ပြည်တွင်းလေယာဉ်ကွင်းအနေဖြင့်သာ စတင်ဖောက်လုပ်ရန် စီစဉ်ထားသည် ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

''လက်ရှိမှာ ဝန်ကြီးရုံးကို တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ တင်ဒါကြေညာမယ်။ ဒီနှစ်ထဲတော့ဖြစ်မယ်။ကနဦးအနေနဲ့ ဒေသတွင်း လေယာဉ်ကွင်းအနေနဲ့ပဲ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်။ မြေနေရာရရှိမှုပေါ်မှာ မူတည်ပါတယ်''ဟု ဦးရဲထွဋ်အောင်က ဆိုသည်။မူဆယ်လေယာဉ်ကွင်းအသစ် စီမံကိန်းအတွက် လုပ်ငန်းစိတ်ဝင်စားကြောင်း အဆိုပြုလျှောက်လွှာကို ၂ဝ၁၇ ခုနှစ်တွင် စတင်ခေါ်ယူခဲ့ပြီး လက်ရှိတွင် အရွေး ခံထားရသည့် ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုရှိထားသည်။

''မူဆယ်နဲ့ ရန်ကုန်က အသွားအပြန် အမြဲလိုလိုရှိတယ်။ တကယ်လို့ လေဆိပ်ရှိလာရင် သွားလာလွယ်ကူမှုပိုကောင်းလာမယ်။ တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ သူတွေအတွက် ပိုပြီးအဆင်ပြေသွားမယ်။ ခရီးသွား လုပ်ငန်းအတွက်လည်း ပိုကောင်းမယ်''ဟု မူဆယ်မြို့ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချမ်း သာဦးက ပြောသည်။

မူဆယ်မြိုသို့သွားရောက်ရန် လားရှိုးမြို့မှ ငါးနာရီခန့် ထပ်မံသွားရသဖြင့် ရန်ကုန်မြို့နှင့် မူဆယ်မြို့အကြားတိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုအထောက်အကူဖြစ်နိုင် မည်ဖြစ်ကြောင်း မူဆယ်မြို့ရှိ ကုန်သည်များကပြောသည်။

မူဆယ်မြို့သည် တရုတ်−မြန်မာ နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်မှုပြုလုပ်သည့်နေရာဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားဧည့်သည်များကို ဝင်ရောက်ခွင့်ပြုရန် ညှိနှိုင်းမှုများလည်းရှိထားသည်။

''လက်ရှိမှာ တရုတ်တွေက နယ်စပ်ဖြတ်ကျော်ခရီးစဉ်တွေ စိတ်ဝင်စားနေတာ။ မူဆယ်လေဆိပ်ဖြစ်လာခဲ့ရင် အဲဒီကနေ မန္တလေးဘက်ကို ခရီးစဉ်တွေ ဆွဲလို့ရမယ်။ လေဆိပ်ဖြစ်လာရင်တော့ ခရီးသွားလုပ်ငန်းအတွက်ပိုအဆင်ပြေတယ်''ဟု ခရီးသွားလုပ်ငန်းရှင် ဦးတိုးအောင် က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် ၃၁ ခုနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုရှိပြီး ပျံသန်းပြေးဆွဲလေယာဉ်များ ဆင်းသက်သည့် လေဆိပ် ၂၄ ခုသာ ရှိသေးကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အစိုးရသစ်၏ တတိယ တစ်နှစ်တာအတွင်း ခရီးသည် ဝင်ထွက်မှုများပြားသည့် ပြည်တွင်းလေဆိပ်များဖြစ်သည့်မြစ်ကြီးနား၊ ဟဲဟိုး၊ သံတွဲ၊ လွိုင်ကော်နှင့် ညောင်ဦးလေဆိပ်များအပါအဝင် လေဆိပ် ၁ဝ ခု၏ လေဆိပ်အဆောက်အအုံနှင့် ပြေးလမ်းတိုးချဲ့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ယခုနှစ်အတွင်း မြောက်ဦးလေဆိပ်အသစ် ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူရန် စီစဉ်ထားသော်လည်း မြောက်ဦးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိတွင် ဖော်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Source : The Myanmar TimesProperty.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments