09-261334475

ဝန်ကြီးများရုံးကို ပြည်သူများအပန်းဖြေနိုင်ရန် ပန်းခြံ၊ အာဇာနည်ပြတိုက်နှင့် လွှတ်တော်ပြတိုက်တို့အဖြစ် ဧပြီလတွင် ဖွင့်လှစ်မည်

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး(အတွင်း ဝန်ရုံး)ကို အာဇာနည်ပြတိုက်၊ လွှတ်တော် ပြတိုက်အပါအဝင် ပြည်သူများ အပန်းဖြေနိုင်သည့်ပန်းဥယျာဉ်အဖြစ် ယခုနှစ်ဧပြီလ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

လက်ရှိအချိန်တွင် ဝန်ကြီးများရုံး ဟောင်းမွမ်းမံပြင်ဆင်မှု ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး ယခုနှစ်ဧပြီလအတွင်း ဝန်ကြီး များရုံးအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စတင်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

''ပြတိုက်နှစ်ခုရှိမယ်။ အာဇာနည်ပြတိုက်နဲ့ လွှတ်တော်ပြတိုက်ဆိုပြီး လွတ်လပ်ရေးသမိုင်းအမွေအနှစ်တွေကို ပြသသွားမှာပါ။ ရုံးဝင်းကိုတော့ ပြည်သူတွေအပန်းဖြေနားနေနိုင်ဖို့ ပန်းဥယျာဉ်အဖြစ်ပြုလုပ်နေပါတယ်။ ဝန်ကြီးများရုံး အနောက်ဘက်စိန်ပေါကျောင်းဘက် အခြမ်းရယ်။ အရှေ့ဘက်သိမ်ဖြူလမ်းဘက်အခြမ်းရယ်၊ အဲဒီနှစ်ခုကတော့ ဒီနှစ်ထဲမှာ မတ်လနဲ့ ဧပြီလလောက် ဖွင့်နိုင်ဖို့မှန်းထားပါတယ်'' ဟု ၎င်းကပြောသည်။

ယင်းသို့ ဝန်ကြီးများရုံးကိုပြုပြင်မွမ်းမံရာတွင် ရုံးဝင်းအတွင်းမြေနေရာများညှိခြင်း၊ မြက်ခင်းပြင်များ ထားရှိခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ဆက်လက်၍ ဝန်ကြီးများရုံး၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက် ခြမ်းပြုပြင်မှုများမှာ အနည်းငယ်ကျန်ရှိနေခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ်မှသာ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

'' ဝင်ကြေးတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့လည်း သိပ်မများအောင်တော့ ကြိုးစားရမှာပေါ့။ ဒီနေရာ ကလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးကြီးဆုံးနေရာပဲ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက်က ယူနီယံဂျက်အလံကိုဖြုတ်ချပြီးတော့ လွတ်လပ်သော ဗမာနိုင်ငံရဲ့အလံလွှင့်ထူခဲ့တဲ့ အလံတိုင်ရှိတယ်ဗျာ။ အာဇာနည်ခေါင်းဆောင်တွေရဲ့ကျောက်တိုင်တွေရှိတယ်။ ခုနကပြောသလို လွှတ်တော်ကြီး ရှိတယ်။ လွတ်လပ်ရေးသမိုင်းမှာတော့ အရေးကြီးတဲ့ လက်ရှိလည်းကျန်နေသေးတဲ့သမိုင်းအမွေ အနှစ်ပေါ့။ ဒါကိုလာရောက်ကြည့်ရှုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေမှာပါ''ဟု ဒေါက်တာမောင် မောင်သိမ်းက ပြောသည်။ဝန်ကြီးများရုံးအဆောက်အဦပုံစံမျိုးသည် ကမ္ဘာတွင် နှစ်ခုသာကျန်ရှိပြီး တခုမှာအိန္ဒိယတွင်တည်ရှိကာ ပြုပြင်မွမ်းမံထိန်းသိမ်းထားပြီး ယခုရန်ကုန်မြို့ရှိဝန်ကြီးများရုံးကိုပြုပြင်မွန်းမံ၍ ပြည်သူများနှင့် အသကမင်အ် မ်ား လာရောက်လေ့လာကြည့်ရှု နိုင်ရန် အာဇာနည်ပြတိုက်၊ လွှတ်တော် ပြတိုက်တို့အဖြစ်ဖွင့်လှစ်ကာ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် တိုင်းရင်းသားများ၏ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပြခန်းများ၊ အရောင်းဆိုင်များအဖြစ် ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

''Tourists တွေလည်း ကြည့်စေချင်တယ်။ အဓိကကတော့ မြန်မာလူငယ်လေးတွေကို လွတ်လပ်ရေးသမိုင်း၊ အာဇာနည်သမိုင်းတွေကို သိစေချင်တာပေါ့။ အခုလည်း ကျောင်းသားလေးတွေလာ ကြည့်တဲ့အခါမှာ ဝမ်းသာအားရနဲ့ တက်တက်ကြွကြွကြည့်ကြတာ လေ့လာနေကြတာတွေ့ရတယ်''ဟု ၎င်းကပြောသည်။

၁၆ ဧကကျယ်ဝန်းသည့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)ကို ထိန်းသိမ်းပြုပြင်မွမ်းမံရန်အတွက် အနော်မာ အနုပညာအဖွဲ့က (နှစ် ၅ဝ +၁ဝ +၁ဝ) နှစ်ရှည်စာချုပ် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်း အဆောက်အဦကို ၂ဝ၁၇ မှ စတင်ပြင်ဆင်ခဲ့ပြီး ကန်ဒေါ်လာသန်း ၂ဝ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

Source : News Watch

Facebook comments