09-261334475

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာတွင် မြေကြီးအိမ် ဆောက်လုပ်ခြင်းကို ဒေသခံများ စိတ်ဝင်စား

မြေကြီးအိမ် ဆောက်နည်းသင်တန်းအား ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ ဆိုရှေ့ကျေးရွာတွင် မတ် ၁ ရက်မှ မတ် ၁၇ ရက်အထိ ပြုလုပ်ရာ ဒေသခံများနှင့် အိမ်အသစ် ဆောက်လုပ်မည့်သူများမှ စိတ်ဝင်စားကြောင်း သိရသည်။

"ဒေသခံတွေ ကျွန်တော်တို့ အိမ်ဆောက်နေတဲ့ နေရာထိလာပြီး သေချာမေးတယ်ခင်ဗျ။ မြေကြီးအမျိုးအစားကအစ အိမ်တိုင်တွေ၊ အိမ်အုတ်မြစ်ချတာတွေပေါ့။ သူတို့အရင်ကလည်း အိမ်ဆောက်တဲ့ အတွေ့အကြုံရှိပုံရတယ်။ မြေကြီးအိမ်ဟာ အားသာချက်တွေ အများကြီးရှိပါတယ်။ ဒီအိမ်နဲ့နေတဲ့သူဟာ ကျန်းမာရေးကောင်းမယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်တွေ မဆုံးရှုံးတော့ဘူး။ လေကောင်း လေသန့်ရတယ်။ အိမ်ထဲက အနံ့တွေ စုပ်ပေးတယ်လေ။ တခြားအိမ်တွေထက် သဘာ၀၀န်းကျင်ကို ထိန်းသိမ်းတယ်။ အထူက အနည်းဆုံး ၁၀ လက်မရှိတဲ့အတွက် အတွင်းထဲ အပူချိန်မရောက်ဘူး။ ရာသီဥတုပူတဲ့ချိန် သူကအေးမြမှုပေးတယ်။ အေးတဲ့ချိန် နွေးတယ်။ သဘာဝဘေးဒဏ်တွေဖြစ်တဲ့ လေဒဏ်၊ ငလျင်ဒဏ် ၊ မိုးဒဏ်တွေ ခံနိုင်တယ်။ မြေကြီးအိမ်တစ်လုံးဟာ နှစ် ၁၅၀ မက ခံပါတယ် ။ ကိုယ်တိုင်တည်ဆောက်လို့ရတယ်။ အိမ်ပုံစံကတော့ သူတီထွင်ရင် တီထွင်သလို လုပ်လို့ရပါတယ်။ မြေကြီးအိမ်ရဲ့အားနည်းချက်ကတော့ ရေ၀ပ်လို့မရတာပါပဲ။ မြေကြီးအိမ်ကို ကိုယ်တိုင်ပါဝင်ကြည့်ကြပါ။ ကိုယ်တိုင် ရွေးချယ်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်”ဟု မြေကြီးအိမ် တည်ဆောက်နည်းသင်တန်းမှ သင်တန်းနည်းပြ ဆရာဇော်ညွန့်က ပြောကြားသည်။

ကယားပြည်နယ်ရှိ မြေကြီးအမျိုးအစား အများစုမှာ မြေကြီးအိမ်တည်ဆောက်ရန်အတွက် ကောင်းသောမြေဖြစ်ပြီး သစ်တောရှားပါးလာခြင်းကြောင့် ၀ါးအစားထိုး တည်ဆောက်လည်းရနိုင်ကြောင်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံကို မြေကြီးဘလောက်တုံး လုပ်ရာတွင်အသုံးပြုခြင်းနှင့် ကားတာယာ၊ ပုလင်းခွံများအား ပြတင်းပေါက်များအဖြစ် အသုံးပြုရနိုင်ကြောင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းများကြောင့် နေထိုင်ရန် သင့်တော်သော အိမ်ဖြစ်ကြောင်း သိရသည်။

“မြေကြီးအိမ်ဆောက်နည်းကို ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း တော်တော်များများပါပဲ။ ကယားပြည်ကတော့ ဒီဟာက ပထမဆုံးပါပဲ။ ဒေသတော်တော်များများမှာက စစချင်းမှာတော့ ဖြစ်မှဖြစ်ပါ့မလားဆိုပြီး စိတ်မ၀င်စားပေမယ့် အိမ်ရုပ်လုံး ပေါ်လာတဲ့အခါကျတော့ စိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပွင့်ဖြူ ဘက်မှာဆို အဖွဲ့လေးဖွဲ့ပြီး သင်တန်းသားတွေကိုယ်တိုင် လိုက်ဆောက်ပေးနေတာ တွေ့ရပါတယ်” ဟု ဆရာဇော်ညွန့်က ပြောကြားသည်။

မြေကြီးအိမ်တစ်လုံး ဆောက်လုပ်ပါက ဒေသပေါ်မူတည်၍ ကုန်ကျစာရိတ်မတူနိုင်ကြောင်း ၊ သိန်း ၂၀ ၊ ၂၅ သိန်း ကုန်ကျခံပါက ပေ ၂၀ ပတ်လည် တစ်လုံးအား ကောင်းမွန်စွာ တည်ဆောက်နိုင်ကြောင်း၊ ယခုသင်တန်း ဖြစ်မြောက်ရန်အတွက် ပေါင်းကူးအဖွဲ့မှ ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံ တစ်ယောက်အနေနဲ့ ဒီသင်တန်း တက်ခွင့်ရခဲ့တာမှာ စစချင်းတော့ ခက်ခဲမယ် ထင်ခဲ့တယ်။ တကယ်တော့ မြေကြီးအိမ်ဟာ အခက်အခဲမရှိ ဆောက်နိုင်တယ်ဆိုတာ သိရတယ်။ အခုတော့ ကိုယ်တိုင်ပြန်ဆောက်ဖို့လည်း ရှိပါတယ်”ဟု လွိုင်ကော်မြို့နေ သင်တန်းသား အောင်နိုင်စိုးက ပြောကြားသည်။ 

Source: Eleven Media Group

Facebook comments