09-261334475

ကွန်ဒိုတိုက်ခန်း နိုင်ငံခြားသားတွေ တရားဝင်ဝယ်ခွင့်ရပြီ

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေထွက်ရှိလာပြီမို့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ တရားဝင်ဝယ်ယူခွင့်ရရှိပြီလို့ သိရပါတယ်။

စုပေါင်ူပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေကို ဒီဇင်ဘာလ ၇ ရက်မှာ ဆောက်လုပ်ရေး ဝန်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပြီလို့ ဆိုတယ် ။ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြည်သူတွေသိရှိအောင် ဖြန့်ဝေလိုက်တာဖြစ်ပါတယ်။ ပြည်တွင်းရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေအနေနဲ့ အိမ်ခန်းပိုင်ဆိုင်မှုကို မှတ်ပုံတင်နိုင်ပြီး ဖြစ်သလို နိုင်ငံခြားသားတွေ အနေနဲ့လည်း ပိုင်ဆိုင်မှုကို မှတ်ပုံတင်နိုင်ပါပြီ ။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ‘ နိုင်ငံခြားသားက အရင်တုန်းက တရားမဝင်ဘဲ ဝယ်ယူပိုင်ဆိုင်ခွင့်ရှိတယ်ပေါ့ ၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က ၁၉၈၇ Law နဲ့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို ကန့်သတ်ထားတဲ့အတွက် မြေကိုသော်လည်းကောင်း ၊ အခြား anyfix property ကို သော်လည်းကောင်း ၊ ဘာကိုမှ ပိုင်ဆိုင်ခွင့်မရှိသေးဘူး ၊ ဒါကြောင့် အခုပိုင်ဆိုင်ချင်တယ်ဆိုရင် ကွန်ဒိုမီနီယံဥပဒေနဲ့ ဒါ တရားဝင် စပြီး အိမ်ခန်းပိုင်ဆိုင်ခွင့်ကို ပေးတာပါ ၊ သို့သော်လဲပဲ သူသည် အိမ်ခန်းကိုသာ ပိုင်ဆိုင်မှာဖြစ်ပါတယ် ၊ မြေကိုတော့ သူ့ကိုပိုင်ဆိုင်ခွင့် ပေးမထားသေးပါဘူး ‘ လို့ ပြောပါတယ်။

ပြည်တွင်းရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေလည်း အိမ်ခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်နိုင်ပြီဖြစ်လို့ အထောက်အထားခိုင်လုံမှုရှိတာကြောင့် ဘဏ်ချေးငွေတွေ အပြင် ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ အရင်ကတော့ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေအနေနဲ့ အခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်ထားတာမျိုးမရှိဘဲ မြေပိုင်ဆိုင်ခွင့်ရှိသူသာ မှတ်ပုံတင်ထားနိုင်တာလို့ သိရပါတယ်။

‘ ကွန်ဒိုမီနီယံဥပေဒနဲ့ အခန်းပိုင်ဆိုင်ခွင့်ကို မှတ်ပုံတင်ပေးတာဖြစ်ပါတယ်၊ သို့သော်လဲ ကွန်ဒိုမီနီယံမှာ ကန့်သတ်ထားတာက မြေဧကဝက်မရှိလို့ ရှိရင် သူက ကွန်ဒိုမီနီယံနဲ့ ရပ်တည်လို့မရပါဘူး၊ အဲဒီတော့ ဧကဝက်ပေါ်မှာ ရှိနေတဲ့ အဆောက်အအုံဆိုလို့ရှိရင် နောက်တစ်ခုက ခြောက်ထပ်နဲ့ အထက်ရှိတဲ့ အဆောက်အအုံဆိုလို့ရှိရင် သူက ကွန်ဒိုမီနီယံအဖြစ်ရီဂျစ်စတာ လုပ်ခွင့်ရမယ် ‘ လို့ ဒေါ်မိုးသီတာက ပြောပါတယ် ။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပေဒဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တာဖြစ်ပြီး သည်ဥပေဒရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကွန်ဒိုမီနီယံ တိုက်ခန်းတွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ပိုင်ဆိုင်ခွင့်ရှိစေဖို့နဲ့ နိုင်ငံခြားသားတွေကိုရောင်းချနိုင်ဖို့ ဖြစ်တယ် လို့ သိရပါတယ်။

Source : The kumudra

Facebook comments