လွန်ခဲ့သော နှစ်နှစ်မှ သုံးနှစ်တာကာလအတွင်း တစ်ချိန်က အလွန်ရေပန်းစားခဲ့သော ကန်ထရိုက်တိုက် ဆောက်သည့် ဈေးကွက်ကြီး ပျက်ခဲ့ရသည်။ထိုစဉ်က ကန်ထရိုက်တာအများအပြားမှာ လိုင်စင်မရှိဘဲ အခြားသူထံမှ ငှားရမ်းလုပ်ကိုင်ကြပြီး ၎င်းတို့နိုင်သည့် ငွေထက်များစွာပိုမိုပြီး တိုက်များဆောက်ကြရာ ဝယ်လိုအားနည်းပါးသွားသည့်အခါ ငွေမလည်တော့ဘဲ ဆောက်လက်စ တိုက်များကို ထားကာ ထွက်ပြေးကြသည်အထိ ရှိခဲ့ကြသည်။
ထို့ကြောင့် မိမိမြေပေါ်တွင် တိုက်ဆောက်ရန် ကန်ထရိုက်တာကို လွှဲအပ်ထားသူ မြေရှင်အများအပြား ဒုက္ခ ရောက်ခဲ့ကြရသည်။ တိုက်က ဆောက်လက်စဖြစ်သဖြင့် ပြန်လည်ရောင်းချ၍လည်းမရ၊ မိမိမြေပေးတွင် မပြီးသေးသော တိုက်ပေါ်တွင်လည်း ကိုယ်တိုင်တက်နေရန်လည်းမဖြစ်၊ မြေကိုလည်း ရောင်းမရတော့သဖြင့် မြေပိုင်ရှင်အဖြစ်မှ အိမ်ငှား ဖြစ်သွားခဲ့ကြရသည်။
မြေရှင်များသာမက တိုက်ဆောက်မပြီးခင် ငွေကြိုပေးပြီး ဝယ်ကြသည့် ကြိုပွိုင့်ဝယ်လက်များလည်း ထိုဂယက် ကြောင့် ထိခိုက်ခဲ့ရသည်။ ကြိုပွိုင့်တိုက်ခန်းဝယ်ပြီးနောက် ကန်ထရိုက်ပြေးသွားသဖြင့် သိန်းရာနှင့်ချီ ငွေဆုံးရှုံးခဲ့ရသူ သင်္ဃန်းကျွန်းမြို့နယ်မှ ဦးကိုကိုအောင်က “ဥပဒေကြောင်းအရ မှတ်ပုံတင်ထားတဲ့ ကန်ထရိုက်ကိုပဲ တရားစွဲလို့ရတဲ့ အတွက် အများူစုက မှတ်ပုံတင်မရှိတဲ့ ကန်ထရိုက်တွေများတယ်။ အဲဒီတော့ တရားဥပဒေကြောင်းအရ သွားဖို့ကလည်း အရမ်းအခက်အခဲရှိတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြန်ပြောသည်။
စနစ်တကျ ဖွံ့ဖြိုးခဲ့ခြင်းမဟုတ်ဘဲ ကျယ်ပြန့်လာခဲ့သည့်အတွက် ပြဿနာအများအပြားနှင့် ဈေးကွက်ပျက်သွား ခဲ့ရသော်လည်း ရန်ကုန်သည် အိမ်ခန်းများကို ဆာလောင်နေသော မြို့ဖြစ်နေဆဲပင်။
လက်ရှိ အိမ်ခန်း တစ်သန်းခွဲကျော်ရှိပြီး တိုးပွားလာမည့်လူဦးရေအတွက်နောက်ထပ် အိမ်ရာအခန်းပေါင်း တစ်သန်းကျော်လိုအပ်…အမှန်မှာ ရန်ကုန်မြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသန်းကျော်ရှိကာ နေ့စဉ်နှင့်အမျှလည်း လူဦးရေ တိုးတက်နေသည်။ သန်းခေါင်စာရင်းအချက်အလက်အရ ရန်ကုန်တွင် လက်ရှိအိမ်ခန်း တစ်သန်းခွဲကျော်ရှိပြီး တိုးပွားလာမည့်လူဦးရေအတွက် နောက်ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော် လိုအပ်မည်ဖြစ်ကာ အဆိုပါအိမ်ရာ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံဖြည့်တင်း ပေးနိုင်မည်ဖြစ်ပြီး ကျန်ပမာဏကို ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများကသာ ဆောက်ရွက်နိုင်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြောကြား ထားသည်။
ကန်ထရိုက်ဈေးကွက်ပျက်သွားသော်လည်း ထိုသို့ ဈေးကွက်လိုအပ်ချက်ရှိသဖြင့် တစ်နည်းတစ်ဖုံအားဖြင့် ဈေးကွက်မှာ ပြန်လည်အရည် တည်လာနေသည်ဟု ဈေးကွက်ရစ်မြစ်များကပြောကြသည်။သို့သော်လည်း အလေ့အထများကတော့ ယခင်နှင့်မတူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယုံကြည်မှုနှင့် ဂုဏ်သတင်းယခင်က ကန်ထရိုက်တာလိုင်စင်ကို အခြားသူထံမှ ငှားကာ လုပ်နိုင်သဖြင့် သာမန်လက်သမားဆရာများပင် ကန်ထရိုက်တာ ထလုပ်ကြခဲ့သည်များရှိသည်။ ဥပဒေစည်းနှောင်မှုလည် အားနည်းသဖြင့် ထိုသို့လုပ်၍ရခဲ့သော်လည်း အကျပ်အတည်းဆိုက်ချိန်တွင် မဖြေရှင်းနိုင်ကြသဖြင့် ဈေးကွက်အတွင်း ယုံကြည်မှုပျက်သွားခဲ့ပြီး ကမောက်ကမဖြစ်သွား ခဲ့ရသည်ဟု ကန်ထရိုက်တာလုပ်ငန်းရှင် ကိုပြည့်စုံအောင်က ပြောသည်။
ထိုသင်ခန်းစာကြောင့် ဈေးကွက်တွင် လက်ရှိ၌ ယုံကြည်ရမှုသည် အခရာဖြစ်လာသည်ဟု သူကဆိုသည်။ကန်ထရိုက်အငယ်တွေတင်မက လက်ကြီးသမားတွေပါ ပြဿနာဖြစ်ခဲ့ဖူးတော့ အခုအခါမှာ ယုံကြည်ရတဲ့ သူဖြစ်ဖို့က သိပ်အရေးကြီးမှန်းသိကုန်ပြီး၊ အဲဒီတော့ ကန်ထရိုက်မပေးခင်မှာ အဲဒီလူရဲ့နောက်ကြောင်းနဲ့ ဂုဏ်သတင်းကို အရင်ထက်အများကြီး သေချာစုံစမ်းကြတယ်”ဟု ၎င်းက ပြောသည်။
ကန်ထရိုက်တာများကလည်း ၎င်းတို့၏ ကြော်ငြာများတွင် ဘယ်တုန်းကမှ မပြေးဖူးသော ကန်ထရိုက် စသဖြင့် ထည့်သွင်းကြော်ငြာလာကြသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
သို့သော်ငြားလည်း ကန်ထရိုက်တာတစ်ဦး၏ ဂုဏ်သတင်းနှင့် ယုံကြည်ရမှုကို အပ်ကျမပ်ကျပြောနိုင်သည့် အထောက်အထားနှင့် တရားဝင်လုပ်ငန်းစဉ်ဟူ၍ မည်မည်ရရမရှိသေးပေ။
လုပ်ငန်းကြီးတွေပဲ လွှမ်းမိုးလာကန်ထရိုက်တိုက်ဆောက်ရန် အပ်လိုသူများ ယခင်ထက် သိသိသာသာနည်းသွားသလို ဆောက်လုပ်လိုသူများ ကလည်း မည်သူ့ကို ယုံရမည်ကို မကျိန်းသေးသဖြင့် သာမန် အရပ်ကန်ထရိုက်များထက် လက်ကြီးကုမ္ပဏီများကိုသာ အပ်နှံတော့ကြောင်း ကန်ထရိုက်တာ ဦးတင်ကိုလတ်က ပြောသည်။
“ကျွန်တော်တို့ဆို နာမည်ပျက်မရှိဖူးဘူး။ ဒါပေမဲ့ ကန်ထရိုက်တာတွေကို လူတွေက သိပ်မအပ်တော့ သူတို့အပ် တဲ့ ကုမ္ပဏီကြီးတွေဆီကနေပဲ တစ်ဆင့်ခံပြန်လုပ်နေရတယ်။ တခြားသူတွေလည်း အဲလိုဖြစ်လာကြတယ်”ဟု ၎င်းက ပြောသည်။
အစိုးရက တင်ဒါခေါ်သည့် ဆောက်လုပ်ရေးစီမံချက်များတွင်ပါ ကန်ထရိုက်အငယ်နှင့် အလတ်များကို ချမပေး တော့ဘဲ ကုမ္ပဏီများကိုသာ ချပေးတော့သည်ကို တွေ့ရကြောင်း ကိုပြည့်စုံအောင်ကလည်း ပြောသည်။
“တင်ဒါခေါ်ရင်တော့ အားလုံးပြိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အစိုးရကပေးရင် ကုမ္ပဏီတွေကိုပဲ ပေးတော့တယ်”ဟု ၎င်းက ဆိုသည်။ကုမ္ပဏီကြီးများ လွှမ်းမိုးလာခြင်းကြောင့် လက်ခွဲကန်ထရိုက်တာများကို ငွေပေးချေမှု ပုံမှန်ထက်နောက်ကျခြင်း၊ အထက်စီးမှ စာချုပ်ချုပ်ခြင်းများလည်း ရှိလာသည်ဟု ၎င်းက ဆက်ပြောသည်။
အခြေခံလူတန်းစားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ဆောင်ရွက်နိုင်မှသာဈေးကွက်အားကောင်းမောင်းသန် ပြန်ကောင်းလာစရာရှိ…ရောင်းချမှုပုံစံပြောင်းလာဈေးကွက်ထိခိုက်ပြီးနောက် အိမ်ခန်းဝယ်ယူလိုသူလည်း နည်းပါးသွားသဖြင့် ကန်ထရိုက်တိုက် ဆောက်လုပ် သူများသည် အခန်းကို အရောင်းထက် အငှားဘက်ကို ပိုမိုဦးစားပေးလာကြရသည်ဟုလည်း သိရသည်။
“အမှန်တော့ လူတွေက နေဖို့မလိုတာမဟုတ်ဘူး။ အခန်းပဲမဝယ်ဘဲ တန့်နေတာ။ ဒါကြောင့် ဆောက်ပြီးသွားရင် ကုမ္ပဏီနဲ့ မြေရှင်က ချက်ချင်းရောင်းထွက်ဖို့ထက် အခန်းကို ငှားထားပြီး ငွေကို ဖြည်းဖြည်းချင်းပဲ ဖော်ရတော့တယ်။ ကြိုပွိုင့်ကတော့ ပုံမှန်ဆို မဝယ်တော့သလောက်ပဲ”ဟု ကိုပြည့်စုံအောင်က ပြောသည်။
ထိုသို့သော် အခြေအနေများအပြင် ပုဂ္ဂလိကဘဏ်မှ ကြားခံဆောင်ရွက်ပေးသဖြင့် ကြိုပွိုင့်ဝယ်ယူသည့်ပုံစံ တစ်မျိုးလည်း အသစ်ဖြစ်ပေါ်လာသည်။ ထိုပုံစံသည် မရှိသလောက်ရှားပါးသော အခြေအနေဖြစ်သည်။ကိုပွိုင့်ဝယ်ယူရခြင်းသည် ငွေကိုခွဲပေးရသဖြင့် သက်သောင့်သက်သာရှိ၍ ဝယ်လိုသော်လည်း ကန်ထရိုက်ပြေး မည် စိုးရိမ်သဖြင့် ယခင်က မဝယ်ခဲ့ရကြောင်း၊ သို့သော်လည်း ဘဏ်နှင့်ချိတ်ဆက်ထားသည့် ကန်ထရိုက်တာကုမ္ပဏီ တွေ့သဖြင့် ဝယ်ယူဖြစ်ကြောင်း တောင်ဥက္ကလာပတွင် ကျပ်သိန်း ၃၅၀ တန် တိုက်ခန်းကြိုပွိုင့်ဝယ်ယူထားသည့် ကိုမင်းဦးက ပြောသည်။
“ကနဦးသွင်းငွေကအစ နောက်ပိုင်းမှာ ဘဏ်ကိုပဲ ငွေသွင်းရတာ။ ဘဏ်ကပဲ ကြားထဲက အဲဒီအတွက် အာမခံ ပေးတယ်။ ကန်ထရိုက်တာနဲ့ ကိုယ်နဲ့ကြားမှာ ငွေကိစ္စ ဘာမှအရှုပ်အရှင်းမရှိဘူး။ ဆောက်လုပ်ရေးပိုင်းကိစ္စပဲ ပြောစရာရှိ တာ။ ဒါကြောင့် စိတ်ချလက်ချဝယ်ဖြစ်တာ”ဟု ၎င်းကဆိုသည်။အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်ကလည်း ဘဏ်ကကြားခံပြီး ဆောင်ရွက်နိုင် သည့် အခြားပုံစံများကို ပြောပြသည်။“ရင်းနှီးမတည်ငွေကို အာမခံပစ္စည်းမထားဘဲ ချေးပေးနိုင်ပြီး ထွက်လာတဲ့ တိုက်ခန်းတွေကို ဘဏ်ကနေတစ် ဆင့် အရစ်ကျ စနစ်နဲ့ ပြန်ရောင်းပေးနိုင်မယ်ဆိုရင် နေရာကောင်းတွေမှာ တိုက်ခန်းတွေကို မြန်မြန်ဆောက်လုပ်လာနိုင် မှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ဈေးကွက်ပြန်ကောင်းလာရန်ကန်ထရိုက်တာဈေးကွက်ပျက်ပြီးနောက် နှစ်နှစ်ခန့်အကြာ ယခုအချိန်အထိ ထူးထူးခြားခြား ပြန်လည်ကောင်း မွန်လာခြင်း မရှိသေးကြောင်း၊ အစိုးရက အခြေခံလူတန်းစားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ဆောင်ရွက်နိုင်မှသာ ဈေးကွက် အားကောင်းမောင်းသန် ပြန်ကောင်းလာစရာရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ ဦးသာအေးက ပြောသည်။
ထိုပြင် မြို့တော်စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆိုင်သော လုပ်ငန်းစဉ်အားလုံး ကိုင်ထားခြင်းကို ဖြေလျှော့ပြီး နိုင်ငံတကာနည်းတူ အင်ဂျင်နီယာအကြံပေးအဖွဲ့၊ ဗိသုကာအကြံပေးအဖွဲ့စသည့် အကြံပေးဘုတ်အဖွဲ့များ ထားရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။ ထိုအဖွဲ့များက ဦးဆောင်ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်မီအောင် ထိန်းသိမ်းလာနိုင်မည်ဟုလည်း ပြောသည်။
ကန်ထရိုက်က ဆောက်လက်စတိုက်ကို ရပ်တန့်ကာ ထွက်ပြေးသည့်ဖြစ်ရပ်များ ထပ်မဖြစ်စေရန် ဥပဒေများဖြင့် သေသေချာချာ တင်းကျပ်သင့်ကြောင်း၊ ဘဏ်များက ငွေချေးရာတွင် သေချာစီစစ်ပြီး စည်းကမ်းများဖြင့် ကိုက်ညီသူများ ကိုသာ ချေးရန် အမြန်ဆုံးလုပ်သင့်ကြောင်းလည်း ဦးရန်အောင်က ပြောသည်။
Source : Myanmar Time