09-261334475

ငရုတ်ကောင်းဒေသ ဂေါ်ရင်ဂျီကျွန်းသို့ လာရောက် အပန်းဖြေသူ ယခင်နှစ်ထက် နှစ်ဆကျော် ပိုများလာ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုပ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေတွင် လာရောက်အပန်းဖြေသူများ ယခင်နှစ်ကထက် နှစ်ဆကျော် များပြားလာကြောင်း  ဒေသခံများထံမှ သိရသည်။

လာရောက် အပန်းဖြေသူများတွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ လာရောက် အပန်းဖြေကြသလို နိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်လျက် ရှိသည်။ “ခရီးသည်တွေ နှစ်ဆသုံးဆ ပိုများလာတယ်။ ပုဂ္ဂလိက တည်းခိုခန်းတွေမှာ တည်းကြတယ်။ နီးစပ်ရာ အဆက်သွယ်တွေနဲ့ တည်းကြတယ်။ ရုံးပိတ်ရက်တွေမှာ ကားစီးလုံးတွေနဲ့ လာကြတယ်။ ဒီဒေသမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာပါ။ အများစုက ဂေါ်ရင်ဂျီကျွန်း အနီးတစ်ဝိုက်ပဲ လည်ပတ်ပြီးပြန်ကြတာ။ တခြားနေရာတွေမှာလည်း အရမ်းလှတဲ့ နေရာတွေ ရှိနေပါတယ်။ လာရောက်အပန်းဖြေတဲ့ ခရီးသည်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ငရုပ်ကောင်းဒေသမှ အနောက်ဘက်ကမ်းခြေခ ရီးသွားရပ်ဝန်း စီမံခန့်ခွဲမှုကော်မတီမှ ဗဟိုအလုပ်အမှုဆောင်  ဦးဝင်းစိုးက ပြောကြားသည်။

ငရုပ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေတစ်လျှောက်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရန် ဇုန်သုံးဇုန် ခွဲခြားသတ်မှတ်ထားပြီး ကားလမ်းရောက်သည့် ဂေါ်ရင်ဂျီကျွန်းအနီးတွင်သာ လာရောက်လည်ပတ်သူ များပြားကာ အခြားနေရာများသို့ လည်ပတ်ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်က ငရုပ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေတွင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအား ဒေသခံများက ကန့်ကွက်ခဲ့ပြီး မိမိတို့ဒေသအတွင်း ဂေါ်ရင်ဂျီကျွန်း အပါအ၀င် လှပသော ကမ်းခြေဒေသများအား ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ရုပ်သိမ်းခဲ့ပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာပေးသင်တန်းများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


Source : Eleven Media Group

Facebook comments