09-261334475

ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ အောက်၌ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုပြသ

ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ အောက်၌ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုအား ပြသခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ခုံးကျော်တံတားတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အကောင်အထည်ဖော်ဖို့ အပိုင်းကတော့ ရန်ပုံငွေသပ်သပ် လိုအပ်တာပေါ့။ ဒါကတော့ စိတ်ကူးစိတ်သန်း ဖြစ်တာပေါ့။ မြို့ပြအခြေအနေထဲမှာပဲ အကောင်းဆုံး ဘယ်လိုဖြစ်အောင် လုပ်မယ်ဆိုတာ ဒီဇိုင်းနဲ့ ပြောင်းလဲနိုင်တယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကို တင်ပြခြင်း ဖြစ်ပါတယ်။ ခြောက်ခုထဲမှာ ပထမဦးဆုံး တစ်ခုကိုတော့ Architect ဆိုတဲ့ ဒီဇိုင်းအဖွဲ့က လုပ်တဲ့ဟာ။ ဒါကတော့ အကောင်အထည် ဖော်တဲ့အထိပါ၊ ဒါကို ဒီနေ့ပြတာ ဖြစ်ပါတယ်။ ကျန်တဲ့ငါးခုကတော့ ဒီဇိုင်း ၁၀ မျိုးပြထားတာ ရှိပါတယ်။ ဘယ်ဟာကို နောက်ထပ်လုပ်မယ် ဆိုတာကတော့ စိတ်ဝင်စားတယ်။ ပံ့ပိုးချင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိလာရင်တော့ လုပ်ဖြစ်မှာပါ။ နောက်တစ်ခါ ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီအနေနဲ့ တခြားတိုင်းဒေသကြီး အစိုးရနဲ့ တွဲလုပ်နေတဲ့ ရန်ကုန်မြို့ပြဆိုင်ရာ လိုအပ်ချက်တွေ အဆိုပြုထားတဲ့ စီမံကိန်းတွေနဲ့ ပူးပေါင်းလို့ရလို့ရှိရင်လည်း နီးစပ်တဲ့ဟာတွေနဲ့ အကောင်အထည် ဖော်မယ်ဆိုတဲ့ ပြင်သစ်မြို့တော်က စိတ်ဝင်စားတဲ့ဟာကို ပြထားတာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ပြောကြားသည်။

ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပြီး ပြပွဲတွင် ပြသထားသည့် ဒီဇိုင်းရေးဆွဲသည့် အဖွဲ့ ၁၀ ဖွဲ့အား တစ်ဖွဲ့လျှင် ကျပ်ငါးသိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲပြုလုပ်ရခြင်းသည် ရန်ကုန်မြို့တွင် ပန်းခြံနှင့် မြေကွက်လပ်များ နည်းပါးလာသဖြင့် ပြည်သူများ အပန်းဖြေ နားနေရာ ရှားပါးလာခြင်းအတွက် ခုံးကျော်တံတားများ အောက်ရှိ နေရာလွတ်များတွင် လှပအောင် ပြုလုပ်ကာ ပြည်သူများ စိတ်အပန်းဖြေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက တာဝန်ယူ လုပ်ဆောင်တာကတော့ မြန်မာနိုင်ငံ ဗိသုကာအသင်းက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗိသုကာအသင်းက ဗိသုကာ ကျောင်းသားတွေကလည်း ဘွဲ့ရပြီးခါစ လူငယ်တွေကို လူလတ်ပိုင်း ဗိသုကာသမားတွေက ဦးစီးပြီးတော့ ဒီဇိုင်းအမျိုးမျိုး ထုတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဖွဲ့ ၁၀ ခု၊ တံတားငါးခုမှာ တစ်ခုကိုအဖွဲ့ နှစ်ဖွဲ့စီကနေ လုပ်ကြပါတယ်။ မတူညီတဲ့ ပုံစံတွေ ထွက်လာပါတယ်။ အဲဒါကို အခုတင်ပြတာ ဖြစ်ပါတယ်။ အဲဒီထဲက ကောင်းတဲ့ဟာကို ရွေးပြီးတော့ လုပ်မယ်ဆို လုပ်လို့ရပါတယ်။ ဘယ်ဟာကိုရွေးပြီး လုပ်မယ်ဆိုတာကို ဆုံးဖြတ်ပြီးရင်တော့ ပိုပြီးအသေးစိတ်ကျတာကို နောက်နှစ်မှာ ဆွဲမယ်ဆိုရင်တော့ ပြင်သစ် ယဉ်ကျေးမှုဌာနက မြန်မာနိုင်ငံ ဗိသုကာအသင်းကို ထောက်ပံ့ပါတယ်” ဟု ဒေါ်မို့မို့လွင်က ဆက်လက်ပြောကြားသည်။

အနာဂတ်တွင် ပြင်သစ်ယဉ်ကျေးမှု ဌာနအနေဖြင့် အလားတူ စီမံကိန်းများအား ရန်ကုန်မြို့ရှိ အခြားသော ခုံးကျော်တံတားများ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ပြင်သစ် ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ရန်ကုန်မြင်ကွင်းဆိုင်ရာ ဗိသုကာဒီဇိုင်း ပုံစံငယ်များ ပေါ်ထွက်လာရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြေနီကုန်း ခုံးကျော်တံတားသည် အများပိုင် နေရာများအား ပြည်သူများ လွတ်လပ်စွာ အသုံးပြုနိုင်ရန်နှင့် ယင်းနေရာများတွင် မော်တော်ယာဉ်များထက် လမ်းသွားလမ်းလာများအား ဦးစားပေးရန် ဆောင်ရွက်ထားသည့် ကနဦး နမူနာပြ စီမံကိန်းဖြစ်ကြောင်း သိရသည်။


Source: 7 Daily

Facebook comments