09-261334475

မင်္ဂလာဈေးတည်ဆောက်ရန် အဆောက်အအုံဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာရှိ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ကိုင်တွယ်ထားသည့် မီးဘေးသင့် မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေးမှာ တစ်နှစ်ကျော် အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိတွင် အဆောက်အအုံ ဒီဇိုင်းပြိုင်ပွဲခေါ်ယူမှုအဆင့်သာ ရှိသေးသည်။ ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက အသစ်ဆောက်လုပ်မည့်ဈေးနှင့် ဆက်စပ်အဆောက်အအုံများအတွက် စီမံကိန်းပုံစံ (Master Plan) နှင့် ဗိသုကာဒီဇိုင်း (Architectural Design) ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့ပြီး ယခုလ ၃၁ ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်းက ''ကျွန်မတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားမှုနဲ့ ဗိသုကာပညာရှင်များအသင်းက နိုင်ငံပိုင်သတင်းစာများကနေတစ်ဆင့် ဒီလအစောပိုင်းကစပြီး ခေါ်ခဲ့တာပါ။ ဒီဇိုင်းပြိုင်ပွဲကို အကြီးတန်းလိုင်စင်ရ ဗိသုကာတစ်ဦးအနေနဲ့ဖြစ်စေ သူဦးဆောင်တဲ့ အဖွဲ့လိုက်ဖြစ်စေ ဝင်ပြိုင်လို့ရပါတယ်''ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။ ဒီဇိုင်းပြိုင်ပွဲဝင်သူများအနေဖြင့် ယခင်အဆောက်အအုံဟောင်းတွင် ပါဝင်သည့် စားသောက်ဆိုင်ခန်းများ၊ မူလဆိုင်ခန်းများအား သက်ဆိုင်ရာအထပ်အလိုက် ထည့်သွင်းပေးရမည်ဖြစ်ပြီးအဆောက်အအုံအမြင့်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၄၁၇ ပေ ထက်မပိုရန် သတ်မှတ်ထားကာ မူလအဆောက်အအုံ၏ အချက်အလက်များကိုလည်း ပြိုင်ပွဲဝင်များကို ပေးမည်ဖြစ်ကြောင်းသိရသည်။

''ပြိုင်ပွဲဝင်လျှောက်လွှာ ထုတ်တဲ့သူတွေကိုတော့ ကျွန်မတို့ ဒီထက်ပိုအသေးစိတ် အချက်အလက်တွေ ပြောပြထားပါတယ်။ လောလောဆယ်တော့ လျှောက်လွှာ လာယူထားတဲ့ သူတွေတော့ တော်တော်ရှိပါတယ်'' ဟု ၄င်းက ပြောသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင် ဈေးသူ၊ဈေးသားများမှာလည်း တစ်နှစ်ကျော်ကြာသည်အထိ အသစ်ပြန်လည်တည်ဆောက်မပေးဟု ဆိုကာ ယခုလ ၉ ရက်တွင် စတင် ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။ထို့ပြင် ဈေးသူ၊ ဈေးသားများက မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ အဆောက်အအုံဒီဇိုင်းပြိုင်ပွဲခေါ်ယူမှုကိုလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောသည်။ ''ဒီဇိုင်းပြိုင်ပွဲခေါ်တာ လုံးဝ ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဘယ်နှထပ် ဆောက်မယ်၊ ဘယ်လောက် အတိုင်းအတာ ဆောက်မယ်ဆိုတာ ကျွန်မတို့ မသိရဘူး။ ဆိုင်ခန်းတွေခြောက်ပေပတ်လည် အနည်းဆုံးပြန်ရမယ်လို့ပဲ သိရတယ်။ တကယ်ဆို ဈေးသူ၊ ဈေးသားကို ချပြရမှာပါ။ အခုက ဘာမှမပြောဘဲ လုပ်ချင်တာကို လုပ်နေတာပဲလို့မြင်ပါတယ်'' ဟု မင်္ဂလာဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ မဒါလီမြင့်က ပြောသည်။ မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်များကို ယာယီဈေးအဖြစ် နေရာချထားပေးသော်လည်း ၄င်းတို့အနေဖြင့် အဆင်မပြေမှုများရှိကာ ဈေးသစ်ကို အမြန်တည်ဆောက်ရန်သာ လိုအပ်ကြောင်း ပြောသည်။

''ဈေးသူ၊ ဈေးသားဆိုတာက နှစ်ကြာလေ ကိုယ်က ဒုက္ခရောက်လေ၊ ဈေးကွက်ပျက်လေပါ။  မင်္ဂလာဈေးဆိုတဲ့ နာမည်တစ်ခုကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတာ။ ဝယ်တဲ့သူတွေကလည်း အားကိုးခဲ့တာ အခုက တစ်နှစ်ကြာလာတဲ့အခါမှာ ဈေးခေါင်းကွဲလာပြီ။ ပြီးတော့ ကျွန်မတို့ ယာယီရတဲ့ နေရာက ငါးလွှာမှာ လူအလာနည်းတဲ့နေရာမှာဆိုတော့ ရောင်းလို့ အဆင်ပြေမယ့်နေရာမှာ ငှားရတာ ငှားခတွေက အရမ်းဈေးကြီးပါတယ်။ အရင်က ဆိုင်ခန်းပိုင်ရှင်ဘဝကနေ အခု အငှားဘဝ ရောက်နေရပါတယ်''ဟု မဒါလီမြင့်က ပြောသည်။

စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှလည်း အဆောက်အအုံ ဒီဇိုင်းပြိုင်ပွဲခေါ်ယူမှု အဆင့်သာ ရှိသေးသည့်အတွက် အဆောက်အအုံတည်ဆောက်မည့် ကုမ္ပဏီတင်ဒါ ခေါ်ယူမှု 
အခြေအနေနှင့် တည်ဆောက်မည့်အချိန်တို့ကို တိတိကျကျ မသိသေးကြောင်း ဌာနမှူး ဦးစံရွှေထွန်းကပြောသည်။ ''အခုက ဒီဇိုင်းပြိုင်ပွဲခေါ်တဲ့အဆင့်ပဲ ရှိသေးတယ်။ ဆောက်ဖို့ တင်ဒါခေါ်တာတွေတော့ ကျွန်တော်တို့လည်း သေသေချာချာ မသိသေးပါဘူး''ဟု ၄င်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ကုမ္ပဏီတစ်ခုအား တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မီးဘေးသင့် အဆောက်အအုံကို ပြန်လည်ဖြိုဖျက်ခဲ့ရာ ယခုလ ၁၅ ရက်တွင် ပြီးစီးခဲ့ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်္ဂလာဈေးအဆောက်အအုံ မီးလောင်မှုတွင် အဆောက်အအုံရှိ ဆိုင်ခန်းပေါင်း ၁,၆၃ဝ ကျော်ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

Source : The Myanmar Times

Facebook comments