09-261334475

စည်းကမ်းနဲ့ မညီတဲ့ မြေကွက်တွေ အရေးယူမည်

မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က ချထားပေးတဲ့ မြေကွက်မြေဂရန်ရရှိထားတဲ့သူ ၊ မြေချထားမိန့်စလစ်ကိုင်ဆောင်ထားပြီး ဂရန်မလျှောက်ထားရသေးသူတွေ အနေနဲ့ ဂရန်အမြန်ဆုံးလျှောက်ထားပြီး အဆောက်အအုံ အမြန်ဆောက်ရမှာ ဖြစ်ပါတယ် ။ မလိုက်နာတဲ့သူတွေကို အခုလအတွင်း အရေးယူမှာဖြစ်တယ်လို့ မန္တလေးမြို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

မန္တလေးမြို့က စက်မှုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ပြီး လူနေအိမ်တွေ စနစ်တကျ ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ၁၉၉၁- ၁၉၉၂ ခုနှစ်က မန္တလေးမြို့ မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က ချထားပေးခဲ့ပေမဲ့ လူနေထိုင်ခြင်း ၊ လုပ်ငန်းဖော်ဆောင်ခြင်း မရှိဘူးလို့ သိရပါတယ် ။
ဒေါက်တာရဲလွင်က ‘ဒါတွေကို ကျပ်တည်းအောင် လုပ်တာတော့ မဟုတ်ဘူး ၊ သိမ်းမလား ၊ မသိမ်းဘူးလားဆိုတာကိုတော့ အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်မယ် ၊ အရင်တုန်းကတော့ သိမ်းမယ် ၊ သိမ်းမယ်လို့ ကြေညာခဲ့ပြီး မသိမ်းခဲ့ဘူး ၊ ဒါပေမဲ့ အဲဒီတုန်းက ပေးထားခဲ့တဲ့ အချိန်က တိုတယ် ၊ အခုကတော့ တကယ်လုပ်မှာပါ’ လို့ ပြောပါတယ် ။

မြေပေးမိန့် ရရှိထားတဲ့သူတွေဟာ ကိုယ်စားလှယ်လွှဲစာ ၊ အထူးကိုယ်စားလှယ်လွှဲစာတွေ ပြုလုပ်ပြီး ရောင်းချထားတာတွေ ရှိလို့ နိုင်ငံတော် အခွန်ဘဏ္ဍာဆုံးရှုံးမှုတွေရှိလို့ မြေတရားဝင် ပိုင်ဆိုင်ခွင့် ရဖို့အတွက် အမည်ပြောင်းတာတွေနဲ့ ဂရန်လျှောက်ထားတာတွေလုပ်ဆောင်ဖို့ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တုန်းက သတိပေးကြေညာခဲ့တယ်လို့ သိရပါတယ် ။

ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ‘မန္တလေးမြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့က ချထားပေးတဲ့ မြေကွက်တွေမှာ ခြံစည်းရိုးခတ်တာ ၊ အဆောက်အအုံ ဆောက်လုပ်တာမရှိလို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နေးစေတယ် ၊ အများအမြင်တင့်တယ်ခြင်း မရှိဘူး ၊ ကျူးကျော်ဝင်ရောက်နေထိုင်လို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တယ်’လို့ ပြောပါတယ် ။

အဲသည်မြေကွက်တွေမှာ ကျူးကျော်နေထိုင်တာ ၊ လိမ်လည်ရောင်းချတာ ၊ အကွက်ထပ်အငြင်းပွားတာ စတဲ့ ပြဿနာတွေ ဖြစ်ပွားနေလို့ ၂၀၁၆ ခုနှစ် အောက်တိုလာ ၁ရက်နေ့ကစပြီး စာရင်းကောက်တာတွေ ပြုလုပ်နေပါတယ် ။ အမြန်ဆုံး ဂရန်လျှောက်ထားပြီး ၁၀ လအတွင် အုတ်တံတိုင်းကာရံခွင့် ၊ အဆောက်အအုံဆောက်လုပ်ခွင့် အမိန့်ရယူပြီး တစ်လအတွင်း အကောင်အထည်ဖော်ဖို့နဲ့ သုံးလတစ်ကြိမ် အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုတွေကို သက်ဆိုင်ရာ လိုင်စင်ရ အင်ဂျင်နီယာတွေက တင်ပြဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက ညွန်ကြားထားတယ်လို့ သိရပါတယ် ။

‘မြို့ကွက်သစ် ဧရိယာမှာ မြေကွက်လပ်တွေ ရှိနေတာက ရောင်းဝယ်မြေကစားတဲ့သူတွေက မြေဝယ်ပြီး မြေလှောင်ထားတယ် ၊ အရေးယူမယ်ဆိုရင် မြို့လယ်ဧရိယာနဲ့ အနီးကပ်ဆုံး
မြို့နယ်တွေဖြစ်တဲ့ ချမ်းအေးသာစံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန်မြို့နယ်တို့က စက်မှုဇုန် (၁)နဲ့ စက်မှုဇုန်(၂) တို့ကို ဦးစွာစစ်ဆေးဆောင်ရွက်သင့်တယ်’ လို့ ဦးမြင့်အောင်မိုးက ပြောပါတယ် ။


Source: The Modern

Facebook comments