09-261334475

အိမ်ရာလိုအပ်နေတဲ့ သူတွေလက်ထဲ တန်ဖိုးနည်းအိမ်ရာတွေ အရောက်ပို့ပေးဖို့ လိုပြီ

အိမ်ရာလိုအပ်ချက်တွေ အများကြီးရှိနေတဲ့ ရန်ကုန်မြို့တော်မှာ အိမ်ငှားနေထိုင်တဲ့သူတွေက ရန်ကုန်လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ရှိတယ်လို့ မြို့ပြစီမံကိန်းပညာရှင်တွေက ထောက်ပြဆွေးနွေးထားကြပါတယ်။

အိမ်ငှားနေတဲ့သူတွေ များပေမဲ့လည်း ဈေးကွက်ထဲမှာ ငှားရမ်းမယ့်အိမ်တွေ နည်းလာတာကြောင့် အိမ်ရှာဖို့ ခက်ခဲလာတဲ့ ပြဿနာတွေ၊ ငှားရမ်းခ နှုန်းထားတက်လာတဲ့ ပြဿနာတွေကလည်း အိမ်ငှားနေထိုင်သူတိုင်း အိမ်မပိုင်ဆိုင်နိုင်သေးသရွေ့ ကာလ ပတ်လုံး ကြုံနေရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်က ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာတွေကို အခြေခံလူတန်းစားတွေသာမက လူလတ်တန်းစားတွေ၊ လခနည်းဝန်ထမ်းတွေပါ ဘဝနောင်ရေး စိတ်ချမ်းသာစေဖို့အတွက် မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

''တန်ဖိုးနည်းအိမ်ရာဆိုတာ ဘဏ်စနစ်ပါမှသာ သူ့ရဲ့ရည်မှန်းချက်က အောင်မြင်မှာဖြစ်ပါတယ်။ လောလောဆယ် ရှစ်နှစ်၊၁ဝ နှစ်စနစ်နဲ့ အရစ်ကျရောင်းပေးနေသလို ပထမအရစ် ဘဏ်သွင်းကြေး ကျပ်သိန်း ၄ဝ လောက်ကိုလည်း လူတွေက မပေးနိုင်ကြဘူး။ပေးဖို့လည်း အခက်အခဲရှိကြတယ်။ ဒီပြဿနာက တော်တော်ကြီးတယ်။ အရင်ဆုံးဖြေရှင်းရမှာဖြစ်တယ်။ တန်ဖိုးနည်းအိမ်ရာကို ဈေးလျှော့ပြီး သိန်း ၉ဝ၊ သိန်း ၈ဝ၊ သိန်း ၇ဝ ဆိုရင်လည်း လူတွေက တကယ်မဝယ်နိုင်ဘူး၊ ဝယ်နိုင်အောင် လုပ်ပေးရမယ်''လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို နိုင်ငံတော်ပိုင်မြေနေရာတွေမှာ ဆောက်လုပ်ပြီး အများပြည်သူကို ရောင်းချပေးနေပေမဲ့ တိုက်ခန်းတွေရဲ့ ရောင်းဈေးက အနည်းဆုံး ကျပ်သိန်း ၁၂ဝ ဝန်းကျင်ခန့် ဖြစ်ပါတယ်။ ဘဏ်စနစ်နဲ့ နှစ်ရှည် ချိတ်ဆက်ရောင်းချပေးနေတယ်ဆိုပေမဲ့ ဘဏ်ကို ပထမ အရစ်ပေးသွင်းရမယ့် တိုက်ခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်း ကျပ်သိန်း ၄ဝ ဝန်းကျင်ကို ပေးသွင်းဖို့ကပြည်သူတွေအတွက် အခက်အခဲရှိနေဆဲပါ။

အရင်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်ကစတင်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့အစည်းတွေက ဆောက်လုပ် ရောင်းချခဲ့ပါတယ်။ အများပြည်သူကို ရောင်းချရာမှာ လျှောက်လွှာတွေ ဦးစွာလျှောက်ထားစေပြီးမှ မဲစနစ်နဲ့ ရွေးချယ်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ အမှန်တကယ် အိမ်ရာလိုအပ်သူတွေ လက်ဝယ်ကို ရောက်ရှိသွားတဲ့ အခန်းတွေရှိသလို အိမ်ရာများတွေကိုဝယ်ပြီး တစ်ဆင့်ခံ အမြတ်ထုတ် ရောင်းစားသူတွေ လက်ထဲ ရောက်သွားတဲ့ အခန်းတွေလည်း ရှိနိုင်ပါတယ်။ ဒါအတွက် အိမ်ရာရောင်းချမှု စနစ်နဲ့ ပတ်သက်ပြီး အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တန်ဖိုးနည်းအိမ်ရာဈေးနှုန်းတွေကို လျှော့ချ ရောင်းချပေးသည့်တိုင်အောင်အခြားတစ်ဖက်က ဆောက်လုပ်ရေးသုံးပစ္စည်းဈေးနှုန်းတွေနဲ့ အလုပ်သမားခ ဈေးနှုန်းတွေမြင့်တက်နေတာ၊ ကျပ်သိန်း ၃ဝ ဝန်းကျင်နဲ့ တန်ဖိုးနည်း တိုက်ခန်းတစ်ခန်း ဆောက်လုပ်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေ မရှိတာမို့ သင့်တင့်မျှတတဲ့ တိုက်ခန်းအရည်အသွေး အကျယ်အဝန်းနဲ့ ပြည်သူများ လက်လှမ်းမီ ဝယ်ယူနိုင်မယ့် ဈေးနှုန်း ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှာ ထည့်သွင်းတည်ဆောက်ထားရတဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းများ၊ လျှပ်စစ်မီး၊ ရေရရှိရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုရတဲ့ ငွေကြေးက စီမံကိန်းတစ်ခုလုံးရဲ့ ၃ဝ ရာခိုင်နှုန်းခန့် ကုန်ကျပါတယ်။ ဒါကြောင့် နိုင်ငံတော်က အခြေခံ အဆောက်အအုံ ဆောက်လုပ်စရိတ်တွေကို စိုက်ထုတ်ကျခံပေးမယ်ဆိုရင် လက်ရှိအခန်း တစ်ခန်း ကျပ်သိန်း ၁၂ဝ နှုန်းရောင်းချနေတဲ့ အခြေအနေကနေ ကျပ်သိန်း ၇ဝ ခန့်နဲ့ ရောင်းချနိုင်မယ့် နည်းလမ်းတွေရှိတယ်လို့ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

''အခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းက အခြေခံအဆောက်အအုံ ကုန်ကျစရိတ်တွေ ဖြစ်လို့ အဲဒီ ကုန်ကျစရိတ်ကိုသာ နိုင်ငံတော်က ထောက်ပံ့ပေးလိုက်မယ်ဆိုရင် သိန်း ၇ဝ လောက်ပဲ ကျတော့မယ်။ ဒါ့ပြင် ဘဏ်ချေးငွေကိုလည်း ၁၅ နှစ် သို့မဟုတ် နှစ် ၂ဝ ထားပေးလိုက်နိုင်ရင် တစ်လကို လစဉ်သွင်းကြေး ၅ဝ,ဝဝဝ နဲ့ ၉ဝ,ဝဝဝ ကြားပဲကျမယ်။ အိမ်ငှားခသာသာလောက်ပဲကျလို့ အဲဒါမျိုးလုပ်နိုင်မှပဲ ပြည်သူတွေ ဝယ်နိုင်မယ့် တန်ဖိုးနည်းအိမ်ရာဆိုတာ ဖြစ်လိမ့်မယ်။ လူမှုဖူလုံရေးက ပိုက်ဆံတွေနဲ့ တန်ဖိုးနည်းအိမ်ရာ ဆောက်ဖို့ အိုးအိမ်ကို လာအပ်ရင်ကို တော်တော်အလုပ်ဖြစ်နေပြီ၊ ဌာနအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်ရမယ်''လို့ သူက ပြောတယ်။

တန်ဖိုးနည်းအိမ်ရာတွေ အမှန်တကယ် အိမ်ရာလိုအပ်တဲ့ ပြည်သူတွေလက်ဝယ်ရောက်ရှိစေဖို့ လူမှုဖူလုံရေး ရန်ပုံငွေများနဲ့ ဘဏ်များရဲ့ အခန်းကဏ္ဍ အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ တန်ဖိုးနည်းအိမ်ရာတွေ အများပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိဖို့ ဘဏ်တွေက နှစ်ရှည်ထုတ်ချေးနေတဲ့ ချေးငွေသက်တမ်းတွေ တိုးမြှင့်ပေးလိုက်သလို ယခင်အစိုးရလက်ထက် လျှောက်လွှာတင် မဲနှိုက်ရောင်းချတဲ့ပုံစံအစား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ပြီး တိုက်ခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်း ပေးသွင်းနိုင်သူကိုသာ တန်ဖိုးနည်းတိုက်ခန်း ဦးစားပေးရောင်းချတဲ့ ပုံစံသစ်တစ်ခု စတင်မိတ်ဆက်ခဲ့ပြီးပါပြီ။

ရန်ကုန်မြို့တော်ကို အနယ်နယ်အရပ်ရပ်ကနေ ပြောင်းရွှေ့အခြေချ နေထိုင်သူတွေ နှစ်စဉ် လူဦးရေ သုံးသိန်းလောက်ရှိပြီး အိမ်ရာလိုအပ်ချက်ကလည်း တစ်နှစ်ကို ၇၅,ဝဝဝ နဲ့ ၁ဝဝ,ဝဝဝ ဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ တစ်နှစ်ဆောက်နိုင်တဲ့ အခန်းအရေအတွက်က ၃ဝ,ဝဝဝ ကျော်သာရှိတာကြောင့် ရှိရင်းစွဲ ရန်ကုန်ရဲ့ အိမ်ခြံမြေတိုက်ခန်းတွေ ရောင်းဈေးနဲ့ ငှားရမ်းခနှုန်းထားတွေ မြင့်တက်လာတာဖြစ်ပါတယ်။ အများစုက အခြေခံလူတန်းစားတွေသာ ဖြစ်တဲ့အတွက် အိမ်ငှားရမ်းနေထိုင်ကြတာ များပါတယ်။ဒါကြောင့်လည်း တန်ဖိုးနည်းအိမ်ရာတွေကို လူတော်တော်များများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်ဆိုပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

''တချို့ ပုဂ္ဂလိက ကန်ထရိုက်တိုက်တွေက အခန်းတွေဆိုရင် အစိုးရ ရောင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းသာသာလောက်ပဲ ရှိပါတယ်။ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာတွေကတော့ ဘဏ်ချေးငွေနဲ့ နှစ်ရှည်ဝယ်ယူခွင့်ရှိပေမဲ့ ပုဂ္ဂလိကအခန်းတွေကတော့ အဲဒီ အခွင့်အရေး မရပါဘူး။ ဖြစ်နိုင်ရင် အဖွဲ့အစည်းတစ်ခုခုက ကြားခံပြီး တန်ဖိုးနည်း ပုဂ္ဂလိက အခန်းတွေကို ဘဏ်တွေနဲ့ချိတ်ပြီး ပြည်သူတွေလက်ထဲ အရောက်ပို့နိုင်ရင်တော့တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်ကို တစ်နိုင်တစ်ပိုင် ဖြည့်ဆည်းပေးရာရောက်မှာ ဖြစ်သလို ပြည်သူတွေလည်း အိမ်ရာပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်ပါတယ်''လို့ သူက ပြောတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ သုံးသပ်ခန့်မှန်းချက်များအရ ရန်ကုန်မြို့တော်အတွင်းမှာ ကျပ်သိန်း ၁၅ဝ မှ ကျပ်သိန်း ၂ဝဝ အကြား ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆောက်လုပ်ထားပြီးဖြစ်တဲ့ တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁ဝ,ဝဝဝ ကျော်ရှိနေတဲ့ အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလည်း အဆင်ပြေ၊ ပြည်သူတွေရဲ့ အိမ်ရာ လိုအပ်ချက်လည်း အဆင်ပြေအောင်လို့ ချိတ်ဆက်ပေးနိုင်တဲ့ နည်းလမ်းလေးတစ်ခု ရှာဖို့ လိုလာပြီဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေ၊ လူလတ်တန်းစားတွေအနေနဲ့ တိုက်ရိုက် တိုက်ခန်းတစ်ခန်း ကျပ်သိန်း ၁ဝဝ၊ ကျပ်သိန်း ၂ဝဝ ပေးဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေတစ်ခု ဖြစ်နေတယ်လို့ နိုင်ငံတော်က ဆောက်လုပ်ထားတဲ့ ယုဇန တန်ဖိုးနည်း အိမ်ရာကို ဝယ်ယူဖို့ လျှောက်လွှာ တင်ထားတဲ့ မဝင်းနန္ဒာမြင့်က ပြောပါတယ်။

''အိမ်ငှားနေရတဲ့အတွက် အရင်အစိုးရ လက်ထက်ကတည်းက တန်ဖိုးနည်းအိမ်ရာတွေကို ရမလားလို့ လျှောက်လွှာတင်ခဲ့ပါတယ်၊မရခဲ့ပါဘူး။ အခုအစိုးရလက်ထက်မှာလည်းယုဇနကို လျှောက်ထားပါတယ်။ အစိုးရတိုက်ခန်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကတိုက်ခန်းပဲဖြစ်ဖြစ် နှစ်ရှည် အရစ်ကျနဲ့ရရင် ဝယ်ချင်ပါတယ်။ အိမ်ငှားသက်တမ်းပြည့်တိုင်း အိမ်ရှင်တွေ၊ပွဲစားတွေ ခြေရှုပ်လို့ အိမ်လခတိုးပေးရတာ၊ခဏခဏ ပြောင်းနေရတဲ့ ဒုက္ခတွေကို မခံနိုင်လို့ပါ''လို့ သူက ပြောတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို အဓိကထားဆောက်လုပ်ရောင်းချပေးနေတဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနဘက်ကတော့ လာမယ့်ဘဏ္ဍာနှစ်အတွင်းမှာ ဒဂုံဆိပ်ကမ်း၊ သန်လျင် မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ တန်ဖိုးနည်း ကျပ်သိန်း ၁ဝဝ အောက် တိုက်ခန်းပေါင်း ၈,ဝဝဝ ထွက်ရှိအောင် ဆောက်လုပ်ဖို့ ရည်ရွယ်ထားပြီး မြေနေရာရရှိရေး၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်မယ့် ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ရွေးချယ်ဖို့ လုပ်ဆောင်နေပါတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

Source : The Myanmar Times

Facebook comments