09-261334475

ဥပဒေ နည်းဥပဒေတွေအကြား အရှိန်ယူဖို့ ခက်ခဲနေဆဲဖြစ်တဲ့ ယနေ့ အိမ်ခြံမြေဈေးကွက်

အိမ်ခြံမြေဈေးကွက် အေးစက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဥပဒေ နည်းဥပဒေတွေ ပီပီပြင်ပြင် ထွတ်ပေါ်လာနိုင်ခြင်း မရှိသေးတာ၊အမှန်တကယ် လိုအပ်တဲ့ ဥပဒေတွေ ယနေ့ထက်တိုင် ရေးဆွဲ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတာကြောင့် ပြည်တွင်း ပြည်ပက အင်အားကြီး ရင်းနှီးမြှုပ်နှံသူတွေတင် မကဘဲ အလယ်အလတ်နဲ့ အငယ်စား ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေပါ ၂ဝ၁၆ ခုနှစ်က ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။

ဥပဒေသစ်မဆိုထားနဲ့ ယခင်အစိုးရ လက်ထက် လွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ ကွန်ဒိုမီနီယမ် ဥပဒေ (စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာ ဥပဒေ) ဆိုရင်လည်း ယနေ့အချိန်အထိ အမှန်တကယ် အသက်ဝင်လှုပ်ရှားနိုင်မယ့် နည်းဥပဒေ ပီပီပြင်ပြင် ထွတ်ပေါ်လာနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့ပြင်  သာမန်တိုက်ခန်း အိမ်ရာတွေကို ခိုင်ခိုင်မာမာနဲ့ အရောင်းအဝယ် လုပ်နိုင်မယ့် တိုက်ခန်း အိမ်ရာ ဥပဒေကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ် ။ ဒါကြောင့် ရန်ကုန်က ကန်ထရိုက်တိုက် တော်တော်များများ ပိုင်ဆိုင်မှု မသေချာလို့ ဘဏ်တွေဘက်က အပေါင်ခံခြင်း မရှိပါဘူး။

ဈေးကွက် ပြန်လည်နိုးထဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ မျှော်လင့်နေကြတဲ့ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူပိုင်ဆိုင်နိုင်တဲ့ ကွန်ဒိုမီနီယမ် နည်းဥပဒေကလည်း ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့တာ အချိန်ကြာမြင့်ခဲ့ပေမဲ့ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ဖို့ အရှိန်ယူ လုပ်ဆောင်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ကွန်ဒိုနည်းဥပဒေကတော့ ဦးဆောင်ရေးဆွဲနေတဲ့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနဘက်က နိုဝင်ဘာလအကုန်မှာ မူကြမ်းရေးဆွဲပြီး ဖြစ်ပါတယ်။ ဆက်နွှယ်နေတဲ့ ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေဆီကကွန်ဒိုနည်းဥပဒေနဲ့ ပက်သက်ပြီး ထပ်တိုးပြင်ဆင်ဖြည့်စွက်ချက်တွေအတွက် သဘောထား မှတ်ချက်ကို ဒီဇင်ဘာ ၁၅ ရက် အရောက်ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးစိုင်းသက်နိုင်မိုးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

''ကွန်ဒိုနည်းဥပဒေ မူကြမ်းကို အသင်းအဖွဲ့တွေ ၊ ဌာနဆိုင်ရာတွေဆီက သဘောထားမှတ်ချက် တောင်းထားပါတယ်။ ပြီးရင်တော့ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ နည်းဥပဒေကို ရှေ့နေချုပ်ရုံးကို ပို့ပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။ နှစ်နှစ်နီးပါ ကြာမြင့်တဲ့အထိတောင် အရောင်းအဝယ် အေးစက်နေတဲ့ အိမ်ခြံမြေလုပ်ငန်းတွေ ပြန်လည်သွက်လက်ဖို့ လိုအပ်ချက်တွေ အများကြီးလုပ်ဖို့ လိုသေးတဲ့အပြင် အေးစက်နေတဲ့ လုပ်ငန်းကြီးတစ်ခုလုံး ပြန်လည် သွက်လက်လာနိုင်ဖို့အတွက်လည်း အိမ်ခြံမြေနဲ့ ပတ်သက်တဲ့  ဥပဒေ တွေနည်းဥပဒေတွေက အသက်ဝင်လှုပ်ရှားဖို့ အရေးကြီးပါတယ်။ ဒါ့ပြင် အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်စိစစ်ဖို့ ရပ်ခိုင်းလိုက်ပြီးမှ ပြန်ဖွင့်ပေးလိုက်တဲ့အတွက်ကြောင့်လည်း ဈေးကွက်ထဲမှာ ယုံကြည်ချက်တွေ အနည်းနဲ့ အများဆိုသလို ပျောက်ဆုံးသွားပါတယ်။ ဒါပေမဲ့လည်း မကြာခင်မှာ ကွန်ဒိုမီနီယမ်တွေ အတွက် အမှန်တကယ် အလုပ်ဖြစ်နိုင်တဲ့ ကွန်ဒိုနည်းဥပဒေ

ထွတ်လာဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ ''ကွန်ဒိုနည်းဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားမှတ်ချက်တွေ၊ထင်မြင် ယူဆချက်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်ပို့ထားပြီးပါပြီ။ ဇန်နဝါရီလအတွင်းမှာတော့ နည်းဥပဒေ ထွက်လာရင် ဈေးကွက် အပြောင်းအလဲ ဖြစ်လာနိုင်ပါလိမ့်မယ်''လို့ သူက ပြောပြပါတယ်။

ကွန်ဒိုနည်းဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ပအသင်းအဖွဲ့တွေကို ဝန်ကြီးဌာနဘက်က သဘောထား မှတ်ချက်တွေ တောင်းခံတဲ့အခါမှာ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၊ ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း စတဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေဆီ သဘောထားမှတ်ချက် တောင်းခံခြင်းမရှိဘူးလို့ အိမ်ခြံမြေ အကျိုးဆောင် အသင်းတွေက ပြောပါတယ်။

''ကွန်ဒိုနည်းဥပဒေမူကြမ်းက အန်ကယ်တို့ဆီလည်း ရောက်မလာပါဘူး။ ဆောက်လုပ်ရေး အမြင် တစ်ခုတည်းနဲ့ပဲ ကြည့်တာလားတော့ မပြောတတ်ပါဘူး။ သေချာတာတစ်ခုကတော့ commercial နဲ့ Services အပိုင်းက လူတွေရဲ့ သဘောထားမှတ်ချက်တွေ မပါတဲ့အတွက် လုံလောက်တဲ့ နည်းဥပဒေ  တစ်ခုတော့ ဖြစ်လာနိုင်စရာ မရှိပါဘူူး''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

''ကျွန်တော်တို့ အသင်းကိုလည်း ရောက်မလာဘူး။ ကျွန်တော်တို့ကို ကွန်ဒိုနည်းဥပဒေမူကြမ်းဖတ်ခွင့် ပေးလိုက်ရင် ကျွန်တော်တို့ဘက်က ဈေးကွက်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုပါ ထည့်သွင်းမှတ်ချက်ပေးလိုက်လို့ ရတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတယ်''ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

သိန်းထောင်ကျော်တန်တဲ့ ကွန်ဒိုကြီးတွေ အတွက် ကွန်ဒိုမီနီယမ် ဥပဒေ၊ နည်းဥပဒေတွေ မကြာမီ ထွက်ပေါ်လာတော့မှာ သေချာသလောက်ရှိနေပြီ ဖြစ်ပေမဲ့လည်း ပြည်သူ အများကို တိုက်ရိုက် အကျိုးပြုနိုင်မယ့် တိုက်ခန်းအိမ်ရာဥပဒေ ထွက်မလာနိုင်သေးတာကြောင့် အခုအချိန်ထိ ရန်ကုန်မြို့က တိုက်ခန်းတော်တော်များများက ဘဏ်ပေါင်လို့ မရတဲ့အပြင် ခိုင်မာမှုကလည်း ဝေဝါးနေဆဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဘက်ကတော့ လောလောဆယ်မှာ တိုက်ခန်းအိမ်ရာ ဥပဒေ apartment law ကို ရေးဆွဲနေခြင်း မရှိသေးဘူးလို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ပြောပါတယ်။

''apartment law လို့ခေါ်တဲ့ တိုက်ခန်းအိမ်ရာ ဥပဒေကတော့ လောလောဆယ်မှာ ရေးဆွဲနေခြင်း မရှိသေးပါဘူး''လို့ ၎င်းက ပြောပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းကြီးငယ်တွေမှာ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ ဘယ်လို စံချိန်စံညွှန်းနဲ့ ဘယ်လိုနေရာမှာ အထပ်အမြင့် ဘယ်လောက်ထိ ဆောက်လုပ်ခွင့်ရမယ်ဆိုတဲ့ Zoning law (မြို့ပြမြေ အသုံးချမှုဇုန်) ကလည်းမူကြမ်းမှာပဲ ရပ်တန့်နေတဲ့အတွက် ဆောက်လုပ်ရေးသမားတွေ မျှော်လင့်နေကြပါတယ်။ ဒီဥပဒေ ထွက်လာမှပဲ ပြဋ္ဌာန်းချက်အတိုင်း လုပ်နိုင်ခဲ့ရင် အထပ်မြင့်တွေ ပြဿနာလို အငြင်းပွားစရာမရှိတော့ဘဲ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေပြေ လုပ်ကိုင်နိုင်မှာဖြစ်ပေမဲ့ အခုချိန်ထိ မြို့မြေအသုံးချမှုဇုန်ဥပဒေက ထွက်ပေါ်လာခြင်း မရှိတာကြောင့်  တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သူတွေမှာ အခက်အခဲတွေ ဝေဝါးမှုတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

''Zoning law ထွက်လာရင် ဘာမှအငြင်းပွားစရာမလိုတော့ဘဲ အဲဒီမှာပါတဲ့အတိုင်း ဆောက်ရုံပဲရှိတယ်။ ဒါပေမဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတစ်ခုဖြစ်ဖို့တော့ လိုတယ်'' ဆိုပြီး System engineering and construction co.Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်စိုးက ပြောသည်။ အိမ်ခြံမြေ ဆောက်လုပ်ရေးဈေးကွက်အတွင်းမှာတော့ အိမ်ရာလိုအပ်ချက်ရှိသူတွေ အများအပြား ရှိနေပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ပြီးသား ထောင်နဲ့ချီတဲ့ တိုက်ခန်းတွေကို အမှန်တကယ် အိမ်ရာ လိုအပ်သူတွေ ဝယ်ယူနိုင်စွမ်းအားမရှိတဲ့အတွက် ၂ဝ၁၆ ခုနှစ်တစ်ခုလုံး အရောင်းအဝယ်ပါးခဲ့ပြီး အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေတောင် အခြားသောလုပ်ငန်းတွေကို ပြောင်းလုပ်ရတဲ့အထိ ဖြစ်ကုန်တယ်လို့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်နီးပါးအလိုလောက်ဖြစ်တဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက ရွေးကောက်ပွဲက တက်လာမယ့် အစိုးရသစ်ရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ အလုပ်လုပ်မယ်ဆိုပြီး ပြည်တွင်းပြည်ပက အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို မလုပ်ကြတော့လို့ ဈေးကွက် အေးခဲ့ရတာဖြစ်ပါတယ်။ အခုထက်ထိလည်း စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ အမှန်တကယ် ဝယ်ယူ နေထိုင်လိုသူ အချို့သာ ရှိခဲ့တာကြောင့်လည်း ဈေးကွက်အတွင်းမှာ သိသာ ထင်ရှားတဲ့ လှုပ်ခတ်မှုမျိုး ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ဘဲ တန်ဖိုးနည်းမြေကွက်တွေနဲ့ တိုက်ခန်းတွေသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဈေးကွက်အပေါ် သက်ရောက်နိုင်တဲ့ အခွန်ကောက်ခံမှုနှုန်းထား လျှော့ချပေးတာတွေ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဥပဒေ နည်းဥပဒေတွေကို တိကျခိုင်မာတဲ့ ဥပဒေ နည်းဥပဒေတွေ ဖြစ်လာအောင်လုပ်ဆောင်ပေးဖို့ အသင်းအဖွဲ့တွေ။ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က သက်ဆိုင်ရာကို စဉ်ဆက်မပြတ် တင်ပြ နေတဲ့ အနေအထားပဲရှိပါတယ်။

''ဆောက်လုပ်ရေးအသင်းဘက်ကတော့ အခွန်အကောက်နှုန်းထားတွေ ပြင်ဆင်ပေးဖို့ တင်ပြတာတော့ ရှိပါတယ်။ အခွန်အကောက်ဥပဒေတွေ ပြင်ဆင်ရေးဆွဲတာတွေလည်း အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် လိုအပ်ရင် တခြား သက်ဆိုင်သူ stakeholder တွေနဲ့ပါ ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်''ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

Source : The Myanmar Times

Facebook comments