ပွင့်လင်းရာသီရောက်လာလို့ နေပြည်တော်အိမ်ခြံမြေဈေးကွက် အဝယ်လိုက်နေ
နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက်ဟာ ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် မြို့နယ်အလိုက် အရောင်းအဝယ်တွေ သွက်နေပါတယ်။
‘နေပြည်တော်မှာက ဒီနှစ်ထဲအိမ်ခြံမြေအရောင်းအဝယ်က ပုံမှန်ဖြစ်တာတွေများတယ် ၊ ဒီလထဲမှာတော့ အရောင်းအဝယ်က ပိုသွက်တာပေါ့ ၊ ဝါကျွတ်သွားတာရယ် ၊ ပွင့်လင်းရာသီရောက်သွားတာရယ်ဆိုတော့ အရောင်းအဝယ်က သူ့နေရာနဲ့သူ သွက်နေကြတယ် ၊ အရင်ကတော့ ကုမ္ပဏီဖွင့်ဖို့ ဝယ်တာများတယ် ၊ ခုတော့ အခြေချနေထိုင်မယ့် သူတွေ ဝယ်တာများတယ် ’ လို့ နေပြည်တော် မြန်မာနိုင်ငံအိမ်ခြံမြေ အကျိုးဆောင် အသင်း အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ် ။
လက်ရှိနေပြည်တော်ရဲ့အိမ်ခြံမြေ ဈေးကွက်မှာ
မြေကွက်အလွတ်တွေအရောင်းအဝယ် ပိုဖြစ်နေပြီး ကျပ်သိန်း ၂၀၀ တန်နဲ့ သိန်း ၃၀၀ တန်တွေ ပိုသွက်နေတယ်လို့ သိရပါတယ် ။
အရင်လတွေက ကုမ္ပဏီတွေအတွက် အဝယ်များတာကြောင့် ကျပ်သန်း ၁၀၀၀ တန်ဝန်းကျင်ရှိ မြေကွက်တွေ အရောင်းအဝယ် သွက်ခဲ့ပေမဲ့ ခုလထဲမှာတော့ အများဆုံး သိန်း ၅၀၀ ၊ သိန်း ၆၀၀ တန် မြေကွက်တွေအထိပဲ အရောင်းအဝယ်အဖြစ်များနေတယ်လို့ သိရပါတယ် ။
ဦးကျော်စွာမြင့်က ‘ဈေးကတော့ သာမန်နေထိုင်ဖို့ ဆိုတော့ ဈေးကြီးမြေကွက်တွေအထိ မလိုက်ဘူး ၊ ဒါပေမဲ့ အရောင်းအဝယ်ကတော့ ပိုသွက်ပါတယ် ၊ အငှားကတော့ ပုံမှန်ပါပဲ ၊ ဝယ်တဲ့သူတွေတော်တော်များများကလဲ လမ်းလေးတွေ ပိုကြိုက်တယ် ၊ ဗီအိုင်ပီအ
ကွက်တွေကတော့ အဆောက်အအုံဆောက်ပြီးသားတွေ များတဲ့အတွက် လောလောဆယ်တော့ ရောင်းတဲ့သူ သိပ်မရှိသေးဘူး’ လို့ ပြောပါတယ် ။
နေပြည်တောရဲ့ အိမ်ခြံမြေဈေးကွက်မှာ သည်လထဲမှာ မြေကွက် ဝယ်သူတွေအနေနဲ့ အကြိုက်များလာတဲ့ နေရာတွေကတော့ ရာဇဌာနီလမ်းမကြီးဘေး ၊ ရာဇသင်္ဂဟ လမ်းမကြီးဘေးနဲ့ ရွှေကြာပင်ရပ်ကွက်တွေ ဖြစ်တယ်လို့ သိရပါတယ် ။
မြေကွက်တွေ ဝယ်ယူရာမှာ ပါမစ်မြေကို ဝယ်ယူသူတွေက အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုကြပြီး ဂရန်ပေါက်မြေကို ဝယ်ယူသူတွေကတော့ မှတ်ပုံတင်စာချုပ်ကြီး ချူပ်ဆိုကြတာများတယ်လို့ သိရပါတယ် ။
အရင်လတွေက နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ပုံမှန်လောက်ပဲ အရောင်းအဝယ်ဖြစ်နေပြီး သည်လထဲမှာတော့ နေရာအနှံ့လောက်မှာ အရောင်းအဝယ်ဖြစ်နေကာ ပုံမှန်အရောင်းအဝယ်ထက် ၂၀ ရာခိင်နှုန်းလောက် တက်လာတယ်လို့ သိရပါတယ် ။
အောင်ဆုပန် အိမ်ခြံမြေ အကျိုးဆောင်က ဒေါ်အေးနန်းစိုးက ‘အရောင်းအဝယ်အရင်ကတော့ ပုံမှန်လေးသွားနေတာပေါ့ ၊ အောက်တိုဘာလလယ်လောက်မှာ အရောင်းအဝယ်လေး ပြန်သွင်လာတာ ၊ အငှားကတော့ ပုံမှန်လေးပါပဲ’ လို့ပြောပါတယ် ။
Source: The Kumudar
Facebook comments