09-261334475

ဝါကျွတ်ကာလ အတွင်း တိုက်ခန်း ရောင်းဝယ်ရေးနှင့် ငှားရမ်းမှု များပြား လာနိုင်သဖြင့် ပွဲစားများ ဈေးကစားလာကြ


 

ဝါကျွတ်ကာလသို့ ရောက်ရှိတော့မည် ဖြစ်ရာ တိုက်ခန်းများ ရောင်းဝယ်ရေးနှင့် ငှားရမ်းမှု များပြား လာနိုင်သဖြင့် တိုက်ခန်း ဈေးကွက်များကို ပွဲစားများ ဈေးကစား လာကြကြောင်း အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးထံမှ သိရသည်။

''ရောင်းတာတော့ နည်းတယ်။ ရောင်းမယ့်သူက ရှိတယ်။ ဝယ်မယ့်သူက သိပ်မရှိဘူး။ အခု ငှားရမ်းခတွေကလည်း တဖြည်းဖြည်းနဲ့ မြင့်လာတယ်။ နေရာဒေသပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားလေ့ ရှိတယ်။ ဈေးတို့၊ ဘတ်စ်ကား မှတ်တိုင်တို့ သွားလာရ လွယ်တဲ့ အနားမှာ ငှားရင် ဈေးပိုကြီးတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်စိုးက ပြောသည်။

အဆိုပါ တိုက်ခန်းများကို အရောင်း အဝယ် ထက် ငှားရမ်းမှု ပိုမိုများပြားနေပြီး စပေါ်ဖြင့် ငှားရမ်းခြင်းထက် ခြောက်လ၊ ဆယ်လ၊ တစ်နှစ် အပြတ် ငှားရမ်းကြခြင်းက များသည်။ စပေါ်ငွေဖြင့် ငှားရမ်းခြင်း မပြုဘဲ အပြတ်ငှားရမ်း လာကြခြင်းသည် နောင်တွင် အိမ်ရှင်အိမ်ငှား ပြဿနာများ ကြုံလာမည်ကို စိုးရိမ်ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ပွဲစားများသည် အိမ်ရှင်နှင့် ငှားရမ်းသူကြားတွင် ပွဲခအပြင် ဈေးပိုမို တင်ခြင်းများကြောင့်လည်း ငှားရမ်းခ မြင့်မားခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

''အိမ်စငှားတော့ ပွဲစားနဲ့ပဲ ချိတ်ပြီး ငှားဖြစ်ပါတယ်။ ခြောက်လစာချုပ်နဲ့ပေါ့။ ခြောက်လပြည့်လို့ ဆက်နေချင်တာကြောင့် စာချုပ်ထပ်ချုပ်ဖို့ လုပ်ပေမယ့် ပွဲစားက မရဘူးပြောတယ်။ အိမ်ရှင်က အဲဒီအခန်းကို ရောင်းဖို့ရှိတာကြောင့် ဖယ်ခိုင်းတာလို့ ပြောတယ်။ တကယ်တမ်း မရောင်းဘဲ တခြားသူ တစ်ဦးကို ပိုမိုမြင့်မားတဲ့ ဈေးနှုန်းနဲ့ ငှားလိုက်တာ တွေ့ရပါတယ်''ဟု အိမ်ငှားရမ်း နေထိုင်သူ တစ်ဦးက ပြောသည်။

ပွဲစားများသည် ၎င်းတို့၏ ပွဲခနှင့် အိမ်ငှားရမ်းခများ ကြားတွင် အကျိုးအမြတ်များ ရရှိစေရန် လုပ်ဆောင်ခြင်းမျိုး ဖြစ်ပြီး တခြား ငှားရမ်းမည့်သူ အသစ်များကို ချိတ်ဆက်ပေးခြင်းဖြင့် ပွဲခများ မကြာခဏ ရရှိစေရန် ဖန်တီးခြင်းဖြစ်ကြောင်း၊ ငှားရမ်းခသည်လည်း တိုက်ခန်း၏ နေရာဒေသအပြင် အထပ် အမြင့် အနိမ့်တို့ပေါ်တွင် မူတည်၍ ကွာခြားလေ့ ရှိကြောင်းသိရသည်။


Source:mwdwebportal

Facebook comments