09-261334475

မပြီးသေးတဲ့ တိုက်ခန်းတချို့ မြေရှင်စာချုပ်ဖျက်သိမ်း ၊ ဝယ်သူတရားစွဲတာတွေရှိနေ

အကျိုးတူတည်ဆောက်ဖို့ သဘောတူညီမှုယူထားပြီး အခုထိအပြီးသေးတဲ့ တိုက်ခန်းတွေကို မြေရှင်ဘက်က စာချုပ်ဖျက်သိမ်းထားတာ ၊ ဝယ်သူတွေက တရားစွဲဆိုတာတွေ အခုထိများနေပါတယ် ။

မြေရှင်က အကျိုးတူတည်ဆောက်မှုကို ဖျက်သိမ်းပြီး ဝယ်ထားသူတွေအနေနဲ့ ကန်ထရိုက်တာနဲ့သာ ဖြေရှင်းကြရန်ဆိုပြီး ကြော်ငြာထည့်ကြသလို ဝယ်သူတွေကလည်း အခန်းကို သတ်မှတ်ထားချိန်ကျော်လွန်တဲ့အထိ မအပ်သေးတာတွေကြောင့် တရားစွဲဆိုတာတွေက ၂၀၁၄ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်ပွားနေခဲ့တဲ့ အငြင်းပွားမှုပြဿနာတွေပါ ။

အကျိုးဆောင်ရှေ့နေမမေသူက ‘အဓိက ဒီပြသနာတွေဖြစ်ရတာက တိကျခိုင်မာတဲ့ ဥပဒေမရှိတာကြောင့်ပဲ ၊ အားလုံးက ကိုယ်ဖြည့်ချင်တဲ့အချက်တွေ ဖြည့်ပြီးပြီးသလို စာချုပ်လုပ်ထားတာတွေပါ ၊ သတ်မှတ်ချက်တွေနဲ့ စည်းကမ်းတကျ ထုတ်ပြန်ပေးထားရင် ရှိလာတော့မှာ မဟုတ်ပါဘူး ၊ အကျိုးတူ ကန်ထရိုက်ပြသနာ အများစုမှာ နစ်နာမှုကြုံနေရသူတွေက ကြိုပွိုင့်ဝယ်ထားသူတွေ ၊ အဝယ်သမားတွေပဲ’ လို့ပြောတယ် ။

မြေရှင်တွေအတွက် မြေပြန်ရတာပဲဆိုပေမဲ့ ဝယ်သူတွေအတွက်ကတော့ ပြန်ရတာထက် နစ်နာရတာတွေက များတယ်လို့ သိရတယ် ။

အခန်းရပေမဲ့

တချို့က ကြိုပွိုင့်နဲ့ ဝယ်ပြီး အခန်းရတာတောင် လူနေခွင့်နဲ့ မီတာမရသေးလို့ ပြန်ရောင်းမရတဲ့သူတွေ အခန်း ပိုက်မိနေသူတွေလည်း ရှိတယ်လို့ အကျိုးဆောင်တချို့နဲ့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောပါတယ် ။

မေတ္တာညွန့်ရပ်ကွက်မှာ ကြိုပွိုင့်လေးလွှာတိုက်ခန်းတစ်ခန်း ဝယ်ထားတဲ့ ဒေါ်စန်းတင့်က ‘ဝယ်ထားတဲ့အခန်းက သုံးနှစ်လောက်ရှိပြီ ကြိုပွိုင့်နဲ့ဝယ်ထားတာ သိန်း ၄၀၀ သွင်းပြီးပြီ ၊ ဈေးတန်တယ် ၊ လမ်းမတန်းပြန်ရောင်းရင် လွယ်လွယ်ရတယ်ဆိုပြီး ဝယ်မိတာ ၊ အခုဝယ်သူရှိတောင်အခန်းကရောင်းလို့ မရဘူး ဖြစ်နေတယ် ၊ မီတာလဲမရသေး ၊ လူနေခွင့်လဲမကျသေးဘူး ၊ သိန်း ၆၀၀ နဲ့ရောင်းဖို့ ဈေးဆိုင်ပြီးမှ မရောင်းရတော့တာ’ လို့ပြောပါတယ် ။

မမေသူက ‘ဒီကိစ္စမျိုးကျတော့ ကန်ထရိုက်က အခန်းအပ်ချိန်မှာအပ်ပြီး ဖြစ်နေတယ် ၊ အခန်းမအပ်လို့ တရားစွဲလို့ ရတာမျိုးလဲ မဟုတ်ဘူး ၊ မီတာတို့ လူနေခွင့်တို့ မရသေးဘူး ၊ သူလျှောက်ထားတာဆိုတော့ ဝယ်သူက စောင့်ရမှာပဲ ၊ မစောင့်ချင်လို့လဲ မရဘူးလေ ၊ စာချုပ်စပြီး ချုပ်ကတည်းက တိကျခိုင်မာမှုရှိဖို့ လိုတယ်ဆိုတာတွေပဲ ၊ စာအုပ်ထဲမှာပါတဲ့အချက်တွေက အားနည်းနေရင် ကိုယ့်မှာလုပ်ပိုင်ခွင့်မရဘူး’ လို့ပြောပါတယ် ။

ကျွမ်းကျင်သူတချို့ကတော့ ဈေးကွက်အရ အပြိုင်အဆိုင်တည်ဆောက်ကြ ၊ ရောင်းချခဲ့ကြပြီး စည်းစနစ်တကျနဲ့ ဥပဒေမရှိခဲ့တာကြောင့် အခုလိုပြသနာအများဆုံး ဈေးကွက်တစ်ခုအဖြစ် ရှိနေတာလို့ပြောပါတယ် ။


ှSource: The Modern

Facebook comments