ဆူးလေရှန်ဂရီလာဟိုတယ်မှ ကျူးကျော်ထားသည့် ကားပါကင်နေရာကို လမ်းချဲ့ရန် စည်ပင်ကပြန်လည်ရယူပြီးနောက် ထပ်မံ၍ စင်တာပွိုင့် တာဝါရှေ့ ကျူးမြေနေရာကိုလည်း ပြန်လည်ရယူရန် လုပ်ဆောင်နေ
အများပြည်သူပိုင်နေရာဖြစ်သည့် ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်က ကျူးကျော်ထားသည့် ဟိုတယ်ရှေ့ ကားပါကင်နေရာကို လမ်းချဲ့ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လည်ရယူခဲ့ပြီးနောက် ထပ်မံ၍ ဆူးလေဘုရားလမ်းပေါ် မဟာဗန္ဓုလပန်းခြံနံဘေး စင်တာပွိုင့်တာဝါရှေ့ရှိ ကျူးထားသည့်မြေနေရာကိုလည်း ပြန်လည် ရယူရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။“စင်တာပွိုင့်ကိစ္စလည်း ပြန်ယူဖို့ လုပ်နေကြပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါမြေနေရာများသည် အများပြည်သူဧရိယာများဖြစ်ပြီး သက်ဆိုင်ရာအဆောက်အအုံများက ယင်းနေရာများကို ကားပါကင်များ၊ အဆောက်အအုံပိုင်နေရာများအဖြစ် အသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။ဆူးလေရှန်ဂရီလာဟိုတယ်က ကျူးထားသည့် ဟိုတယ်ရှေ့မြေနေရာကို ယင်းဟိုတယ်က ကားပါကင်အဖြစ် ယခင်အစိုးရလက်ထက်ကတည်းက အသုံးပြုခဲ့ကြောင်း၊ ယခုယင်းနေရာကို ပြန်လည်ရယူပြီးဖြစ်သောကြောင့် ယာဉ်သွားလမ်းအဖြစ် တိုးချဲ့မည်ဖြစ်ကြောင်းနှင့် စင်တာပွိုင့်ကိုလည်း ပြန်လည်ရယူပြီးပါက အလားတူလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့နေရာကို ပြန်လည်ရယူပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး “ဒီနေရာက အရင်တုန်းက အများပြည်သူဧရိယာ အဲဒါကို အခုပြန်ယူလိုက်တာပါ။ အရင်အစိုးရလက်ထက်ကတည်းက ကားပါကင်လုပ်ထားတာ။ အခု ပြန်ဖျက်နေတယ်။ အဲဒီနေရာကို လမ်းချဲ့မယ်။ ပြီးရင် ကားရောလူရော သွားလို့ ရပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“ဆူးလေရှန်ဂရီလာက လမ်းကျူးထားတဲ့ဟာကို သူတို့ပထမအဆင့် စဖျက်တယ်။ စင်တာပွိုင့်က မပါသေးဘူး။ အစ်မကတော့ အစ်မတင်ထားတဲ့ ဟိုတယ်နှစ်ခုကိုလုပ်ပြီလားလို့မေးတော့ တစ်ခုပဲလုပ်ရသေးတယ်။ အခု ဆူးလေရှန်ဂရီလာတောင်မှ ကျူးနေရာ ပြန်ယူခဲ့ပေမယ့် ဆင်ဝင်အောက်ကို ကားတွေ ပေးဖြတ် မဖြတ်ဆိုတာတော့ တဖြည်းဖြည်းချင်း လုပ်ပေးမယ်လို့ ပြောတယ်။ စင်တာပွိုင့်က ကျူးထားတာကိုလည်း တဖြည်းဖြည်းချင်း ကိုယ့်ဘက်ကို ပြန်ပါအောင် လုပ်ပါ့မယ်လို့ စည်ပင်ကပြောတယ်” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။အများပြည်သူပိုင်နေရာများအား အစိုးရဌာနများက ကျူးကျော်ခြင်း၊ ဂရန်ထုတ်ရောင်းချခြင်းများ ရှိနေခြင်းကြောင့် အများပြည်သူပိုင်နေရာများအား ပြည်သူက ပြန်လည်ပိုင်ဆိုင်ခွင့်ရရေး ဆောင်ရွက်ပေးရန် အဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုထားသဖြင့် အစိုးရက လုပ်ဆောင်ပေးခြင်း ရှိ မရှိ ရန်ကုန်တိုင်းလွှတ်တော်ကော်မတီက အဓိက စောင့်ကြည့်နေသည်ဟု သိရသည်။
Source: Eleven
Facebook comments