ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးမှု အားနည်းနေဆဲဖြစ်သော ကျောက်တန်းမြို့ နယ်တွင်အခြေချနေထိုင်ရန် ရွှေ့ပြောင်းလာ သူများ ရှိနေသော်လည်း အိမ်ရာသစ်များ ဖော်ဆောင်မှုအားနည်းနေပြီး လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ ရှိနေဆဲဖြစ်ကြောင်းကျောက်တန်းမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ကျောက်တန်းမြို့နယ်ကို အခြေချ နေထိုင် ဖို့ ပြောင်းရွှေ့လာကြတာတွေ ဒီနှစ်ထဲမှာပိုတွေ့လာရပါတယ်။ သန်လျင်မြို့နယ်မှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ တခြားအလုပ်အကိုင်အခွင့်အလမ်းတွေလည်း ယခုနှစ် ပိုင်းအတွင်းမှာ ပိုများလာတော့အလုပ် လုပ်ကိုင်သူတွေက
သန်လျင်ထက် မြေဈေး နှုန်းပိုနည်းတဲ့ ကျောက်တန်းမြို့နယ်ကို ပြောင်းရွှေ့လာကြတာများတယ်။ကျောက်တန်းမြို့နယ်ကို ပြောင်းရွှေ့လာသူများပြီး မြို့နယ်ပိုစည်ကားလာပေမဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကတော့ ရှိနေဆဲပါပဲ"ဟု မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်သိန်းက ပြောသည်။
သန်လျင်မြို့နယ်တွင် စီးပွားရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်လာသည့်အတွက်အလုပ်အကိုင်အခွင့်အလမ်း များ ပေါများလာပြီး တန်ဖိုးနည်းအိမ်ရာများသာမက အဆင့်မြင့်အိမ်ရာများကိုလည်း
အကောင်အထည်ဖော်ခဲ့ကြသော်လည်း ကျောက်တန်းမြို့နယ်တွင် အိမ်ရာစီမံကိန်း များ ဖော်ဆောင်မှုမရှိသေးကြောင်း ၎င်းက ပြောသည်။
"သန်လျင်မြို့နယ်မှာ အထူးစီးပွားရေး ဇုန်စီမံကိန်း စတင်အကောင်အထည်ဖော် ချိန်ကစပြီးတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုမိုများပြားလာပြီး စီးပွားရေး ဇုန်တွေမှာ အလုပ်လုပ်ကိုင်တဲ့ သူတွေက သန်လျင်မြို့တို့၊ ကျောက်တန်းမြို့တို့လို အလုပ်နဲ့နီးတဲ့ နေရာတွေကိုပဲ နေထိုင်ဖို့ပြောင်းရွှေ့လာကြတာများပါတယ်" ဟု ဦးအောင်သိန်းက ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတစ်ခုကို သာ ဦးစားပေးလုပ်ကိုင်လျက်ရှိသော ကျောက်တန်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေးမှာ ယခုချိန်ထိ မကောင်းမွန်သေးကြောင်း မြို့ခံ ဒေါ်သီတာ က ပြောသည်။ "ကျောက်တန်းမြို့နယ်က မြို့တွင်းမှာကို လမ်းပန်းဆက်သွယ်ရေးအခက်အခဲများတဲ့ မြို့နယ်တစ်ခုပါ။ မြို့နယ်ရဲ့ အဓိကလမ်းမကြီး ကသာ ကောင်းမွန်ပေမဲ့မြို့နယ်တွင်းက ရွာအချင်းချင်း သွားလာဆက်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ရှိနေဆဲပါ"ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ဘဏ် အစီအစဉ်ဖြစ်သော လေးနှစ် တာကာလအတွင်း အခြေခံအဆောက်အအုံများပြင်ဆင်ခွင့်နှင့် တည်ဆောက်ခွင့်ရရှိမည့် လူထုဗဟိုပြုစီမံကိန်း၏ စတုတ္ထနှစ်စီမံကိန်း(၂၀၁၆ နိုဝင်ဘာ ၁ မှ ၂၀၂၀ နိုဝင်ဘာ ၃၀) အတွက် ရန်ကုန်တိုင်းမှ ကျောက်တန်းမြို့ နယ်ကိုရွေးချယ်ခဲ့ကြောင်း လူထုဗဟိုပြုစီမံကိန်းမန်နေဂျာ ဦးလှခိုင်က ပြောသည်။
Source: Myanmar Time