09-261334475

ဒုတိယစီးပွားရေးမြို့တော်စီမံကိန်းအပေါ် ကန့်ကွက်မှု ဖြေရှင်းပေးမည်မဟုတ်

၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေသည့် ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းကို ပုဂ္ဂလိကကုမ္ပဏီ  တစ်ခုက ကန့်ကွက်ခဲ့သော်လည်း ဖြေရှင်းပေးမည်မဟုတ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မရပ်ကွက်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် ဒုတိယစီးပွားရေးမြို့တော်စီမံကိန်း ကို တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Pattko Global Development  က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ "တင်ဒါ ရွေးချယ်မှုက ပွင့်လင်းမြင်သာမှုအားနည်းပါတယ်။ နိုင်ငံတော်က ရရှိမယ့်ငွေကြေးပမာဏကို ပညာရှင်တွေရဲ့ တွက်ချက်မှု မျိုးမဟုတ်ဘဲ နီးစပ်ရာ  အဖွဲ့အစည်းကိုပဲ ပေးတယ်လို့ ယူဆတဲ့အတွက် တင်ဒါရွေးချယ်ပြီးတဲ့ အချိန်ကတည်းက နိုင်ငံတော် သမ္မတထိ ကန့်ကွက်ခဲ့ပါတယ်။ အခုထိလည်း ဘာတစ်ခုမှ ဆောင်ရွက်တာမျိုး  မရှိတဲ့အပြင် စီမံကိန်းကိုစတင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေကြောင့် သတင်းစာရှင်းလင်းပွဲနဲ့ အတူ ရှင်းလင်းတာပါ" ဟု အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးတင်လှိုင်ကပြောသည်။

ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းအတွက် တင်ဒါလျှောက်ထားသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ ရှေ့မှောက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်ရာ အထက်ပါ ကန့်ကွက်မှုများကို ပြန်လည်ဖြေရှင်းပေးမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးစည်သူက ပြောသည်။ "ဒီကုမ္ပဏီက ကန့်ကွက်နေတာကို ကျွန်တော်တို့ ပြန်ဖြေရှင်းမှာလည်း မဟုတ် ပါဘူး။ သူတို့ပြောတဲ့ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုတာကိုလည်း နားမလည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အများရှေ့မှာပဲ တိုင်းဒေသကြီး အစိုးရက ရွေးချယ်ခဲ့တာပါ။ နောက်ပြီး သူတစ်ယောက်တည်း ပြိုင်တာမဟုတ်ဘူး။ အဲဒီအတွက် 
ကျွန်တော်တို့ ဖြေရှင်းနေဖို့ အချိန်မရှိပါဘူး" ဟု ၎င်းက ပြောသည်။

ဒုတိယစီးပွားရေးမြို့တော်စီမံကိန်းအတွက် Pattko Global Development ကုမ္ပဏီ  အပါအ၀င် င်္First Myanmar Construction, Boston Construction, UMG Group (Media One ) နှင့် Myanmar Gon Yaung Gem and Jewellery ကုမ္ပဏီတို့ ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က င်္First Myanmar Construction ကုမ္ပဏီကို ရွေးချယ်၍ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် ကြေညာခဲ့သည်။ တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction ကုမ္ပဏီသည် ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းအတွက် ၁၂ ထပ်မြင့်သည့် ဟိုတယ်တစ်လုံး၊ ၁၂ ထပ် အမြင့်ရှိသည့် ကုန်သွယ်ရေးစင်တာ တစ်လုံး၊ 
ငါးထပ်အမြင့်ရှိသည့် ဈေးဝယ်စင်တာ တစ်လုံး၊ ၁၂ ထပ်အမြင့်ရှိသည့် အဆောက်အအုံတစ်လုံးနှင့် ငါးထပ်အမြင့်ရှိ Convention Center တစ်လုံး စုစုပေါင်း အဆောက်အအုံငါးလုံး တည်ဆောက်မည်ဖြစ်ပြီး မြေငှားရမ်းခအဖြစ် ရန်ကုန် မြို့တော်စည်ပင်သာယာကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် နှစ်ပေါင်း ၇၀ စာ ငှားရမ်းခ ပေးဆောင်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃၅ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း မြေငှားရမ်းခအတွက် အမေရိကန်ဒေါ်လာ ၈၄ သန်းရရှိမည်ဟု သိရသည်။

ဒုတိယစီးပွားရေးမြို့တော်စီမံကိန်းကို ကန့်ကွက်ခဲ့သည့် Convention Center ကမူ ဇုန်သုံးဇုန်ခွဲကာ အထပ်မြင့်အဆောက်အအုံ ၁၅ လုံးတည်ဆောက်ရန်နှင့် မြေငှားခအဖြစ် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းပေးဆောင်ရန် အဆိုပြုလွှာတင်သွင်း ခဲ့သည်ဟု ၎င်းကုမ္ပဏီက ပြောသည်။

"ဒီရွေးချယ်မှုက ကွာဟချက်တွေ အများကြီးရှိပါတယ်။ အဆောက်အအုံတည်ဆောက်မှုပိုင်းမှာရော၊ နိုင်ငံတော်ကိုပေးရမယ့် ငွေကြေး ပမာဏမှာရော ကွာနေတယ်။ ဘာကြောင့် First Myanmar Construction ကို ရွေးချယ်ခဲ့လဲဆိုတာ သေချာသိချင်ပါတယ်။ နောက်ပြီး နိုင်ငံတော်ကရရှိမယ့် ငွေကြေးတိုးပွားမှု ဆုံးရှုံးမှာကို ကာကွယ်ချင်တာရယ်၊ မှန်ကန်မျှတမယ့် တင်ဒါဖြစ်ဖို့ အခုလို တောင်းဆိုတာပါ"ဟု Pattko Global Development မှ ဦးတင်လှိုင်က ပြောသည်။ စီမံကိန်းတင်ဒါ စိစစ်ရွေးချယ်မှုမှာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များအပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ယင်းစီမံကိန်းကို First Myanmar Construction ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ 
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးဦးသန်းဌေးက ပြောသည်။

"ကျွန်တော်တို့ ဌာနတစ်ခုတည်း အဆုံး အဖြတ်နဲ့ ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ရွေးချယ်တဲ့အချိန်မှာ သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိသူတွေရဲ့ စိစစ်မှုတွေရယ်၊ ပညာရှင်တွေရဲ့ စိစစ်မှုတွေလည်း ပါတယ်။ နောက်ဆုံး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ သူတို့က အတည်ပြုတာပါ။ သူတို့ဘက်က မြေငှားရမ်းခ များပေမယ့် ကျန်တဲ့အပိုင်းမှာ အားနည်း နေလို့ ရွေးချယ်မခံရတာပေါ့။ ဒါကို ပွင့်လင်ြး မင်သာမှု မရှိဘူးဆိုတာတော့ မဖြစ်နိုင်ပါ ဘူး" ဟု ၎င်းက ပြောသည်။ အဆိုပါ စိစစ်ရွေးချယ်မှု ပြီးစီးသည့်အချိန် မှစ၍ Pattko Global Development ကုမ္ပဏီက စတင်ကန့်ကွက်ခဲ့ပြီး  တင်ဒါ စိစစ်ရွေးချယ်မှုသည် ကွာဟချက်များစွာ ရှိနေသည့်အတွက် ဖြေရှင်းပေးရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများထံ တင်ဒါရွေးချယ်မှုနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ပေးရန် တင်ပြခဲ့သည်ဟု သိရသည်။

ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းတင်ဒါ အတွက် Pattko Global Development ကုမ္ပဏီ၏ ကန့်ကွက်မှုအပေါ်ဖြေရှင်းပေးရန် မရှိဟုဆိုသော်လည်း ၎င်းကုမ္ပဏီ၏ စီမံ ကိန်းတင်ဒါကို ပြန်လည်စိစစ်ပေးရန် တင်ပြ တိုင်တန်းချက်အပေါ် မှန်မှန်ကန်ကန် ဖြစ်လာစေရန် တင်ပြဆွေးနွေးအဖြေရှာ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

"ကျွန်တော်တို့ တာဝန်ယူတဲ့အချိန်မှာ ဒီကိစ္စတွေက ပြီးပြီးသား ဖြစ်နေပေမယ့် ဒီတင်ဒါကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့လူမျိုး နစ်နာဆုံးရှုံးနိုင်တဲ့အခြေအနေ ရှိ၊ မရှိကို ပြန်လည်ဆန်းစစ်ပြီး လာမယ့်ကော်မတီဝင် အစည်းအဝေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းပြီး မှန်ကန်မှုရှိအောင် လုပ်ပေးသွားပါမယ် "ဟု ၎င်းက ပြောသည်။

Source : http://myanmar.mmtimes.com/

Facebook comments