ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာ အုပ်စုရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧက ပေါ်တွင် နေထိုင်သည့် ကျူးကျော်များကို ဖယ်ရှားရှင်းလင်းရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ခွင့်ပြုချက် မရသေးကြောင်း တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက
ပြောကြားသည်။
"ကျူးကျော်တွေကို ဒီလ ၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ ညွှန်ကြားပြီးသားပါ။ ဝန်ကြီးချုပ် ခွင့်ပြုချက်ရတာနဲ့ ဖျက်သိမ်းမှာပါ"ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
အမြန်လမ်းမိုင်တိုင် ၃မိုင် ၂ဖာလုံအနီး နေထိုင်သည့် ကျူးကျော်များကို စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် ရန်ကုန်တိုင်းအစိုးရ၏ ညွှန်ကြားချက်စာကို သြဂုတ်လ ၂၃ ရက်က ပေးပို့ခဲ့ပြီး ဖျက်သိမ်းရန် ညွှန်ကြားချက် ရရှိပါက ဖယ်ရှားမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
စခမ်းကြီး ကျေးရွာအုပ်စုတွင် လက်ရှိနေထိုင်နေသည့် ကျူးကျော်အများစုမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထံမှ မြေကွက် တစ်ကွက်လျှင် ကျပ် ၂သိန်းမှ သိန်းနှစ်ဆယ်အထိ ဈေးများဖြင့် ဝယ်ယူခဲ့သူများဖြစ်ကြောင်း ကျူးကျော်နေထိုင်သူများထံမှ သိရှိရသည်။
"၅ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်။ ဒါပေမဲ့ ဒီနေ့ ၆ရက်နေ့မှာတော့ ဘယ်သူမှ လာတာမတွေ့ပါဘူး။ သူတို့တွေက လာဖျက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ညှိနှိုင်းမှုနဲ့ ဖြေရှင်းပါမယ်။ ပြန်ပြီးတော့ အကြမ်းဖက်မှာတော့ မဟုတ်ပါဘူး။ ဒီနေရာကတော့ ဘယ်လိုနည်းနဲ့မှ ဖယ်ရှားမပေးနိုင်ပါဘူး" ဟု စခမ်းကြီး ကျေးရွာအုပ်စုရှိ အောင်ရတနာကျေးရွာနေ ဦးသိန်းနိုင်က ဆိုသည်။
အဆိုပါ ကျေးရွာအုပ်စုတွင် နိုင်ငံပိုင် မြေပေါ်ဆောက်လုပ်ထားသည့် ကျူးကျော်တဲ ၂၂၃၃ လုံးရှိပြီး ယင်းမြေပေါ်တွင် မဟာမိတ်ကြယ်များ အုပ်စုကုမ္ပဏီက နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပါအဝင် နိုင်ငံတကာ အဆင့်မီတက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်းနှင့် ဈေးများ ဆောက်လုပ်ရန် လျာထားခြင်းဖြစ်သည်။
မဟာမိတ်ကြယ်များ အုပ်စု ကုမ္ပဏီမှာ ယခင်အစိုးရ လက်ထက်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားရမ်းခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် အစိုးရနှင့် အကျိုးတူပူးပေါင်းကာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။
Source: The Voice