အိမ်ရာစီမံကိန်းများနှင့်အတူ အိမ်ရာနှင့် အဆောက်အအုံဆိုင်ရာပြပွဲ ခင်းကျင်းပြသမည်

javascript

၂ဝ၁၇ ခုနှစ်တွင် အိမ်ရာနှင့် အဆောက်အအုံ ဆိုင်ရာလုပ်ငန်းများ လှုပ်လှုပ်ရှားရှား စတင်ဦးမော့ လာသည်ကို တွေ့ရသည်။မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုအရ အင်တာနက်၊ အွန်လိုင်းမှတစ်ဆင့် အိမ်ရာအဆောက်အအုံ ခြံမြေဝယ်ယူရောင်းချမှုသည် ယခုနှစ်ပိုင်းအတွင်း ပိုမိုအားကောင်းလာသည့်အပြင် ဖေဖော်ဝါရီ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲတွင် ငွေကျပ် ရှစ်ဘီလီယံကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

အလားတူပင် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း Trade Training Institute (TTI) ၏ ပံ့ပိုးကူညီမှုဖြင့် ဒုတိယအကြိမ် အိမ်ရာနှင့် အဆောက်အအုံဆိုင်ရာပြပွဲ ၂ဝ၁၇ (The 2nd Housing & Building 2017) ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသ မည်ဖြစ်သည်။

''ဒီပြပွဲမှာ အိမ်ရာ၊ အဆောက်အအုံ၊ အိမ်ခြံမြေ၊ ကွန်ဒိုတွေအပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းမျိုးစုံကို ပြည်တွင်း၊ ပြည်ပ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၆ဝ ကျော်မှ ပြခန်းပေါင်း ၁ဝဝ ကျော် ခင်းကျင်းပြသကြမှာဖြစ်ပြီး အပြိုင်အဆိုင် အထူးနှုန်းအရစ်ကျစနစ်တွေနဲ့ ရောင်းချကြမှာ ဖြစ်ပါတယ်''ဟု Dagon Exhibitions Limited မှ Asst.Marketing Manager ကိုမြင့်ဇော်က ပြောသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းပြည်ပမှကွန်ဒို တိုက်ခန်းများ၊ အိမ်ရာအရောင်းပြခန်းများနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်သုံးပစ္စည်းများ၊ ကွန်ကရစ်လုပ်ငန်းများ၊ အိမ်အမိုးပြားများ၊ အိမ်သုတ်ဆေးများ၊ ကြမ်းခင်း များ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ ကြွေပြားကျောက်ပြားများ၊ ခေတ်မီပရိဘောဂများ၊ မီးဖိုချောင်သုံးပစ္စည်း များ၊ တံခါးများ၊ မျက်နှာကြက်များ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ အိမ်ခြံမြေဆိုင်ရာ ဘဏ်လုပ်ငန်းများ၊ အိမ်ခြံမြေဆိုင်ရာ အာမခံ လုပ်ငန်းများမှ ဈေးကွက်အတွင်းနှင့် သုံးစွဲသူ ပြည်သူလူထုအတွင်း အရှိန်အဟုန်ပြင်းစွာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ ရန်ကုန်မြို့ လှိုင်မြစ်ကမ်းဘေးတွင် လူနေတိုက်ခန်းကွန်ဒို၊ ဟိုတယ်နှင့် ရုံးလုပ်ငန်းသုံး အခန်းများပါဝင်သော မြန်မာနိုင်ငံ၏ ပထမဆုံး SOHO Business Centre အဖြစ် ပေါ်ထွက် လာမည့် Spring Line Project ကလည်း ၄င်းတို့ ဆောင်ရွက်နေသော အဆောက်အအုံပုံစံငယ် များဖြင့် စိတ်ဝင်စားသူများ၊ ရင်းနှီးမြှုပ်နှံလိုသူများ လေ့လာနိုင်ရန် ပြပွဲတွင်ပါဝင်ပြသမည်ဖြစ်သည့် အပြင် ရန်ကုန်မြို့၏ အချက်အချာကျလှသည့် ရန်ကင်းမြို့နယ်တွင် ဆောင်ရွက်နေသော Golden City Project ကလည်း ရင်းနှီးမြှုပ်နှံသူ များအတွက် အရည်အသွေးကောင်းသည့် အခန်းများကို ခင်းကျင်းပြသရောင်းချမည်ဖြစ်သည်။ ၄င်းအပြင် အောင်မြင်ပြည့်စုံ (AMPS) ဆောက်လုပ် ရေးလုပ်ငန်းကလည်း AYA ဘဏ်နှင့် ချိတ်ဆက်၍ ၁ဝ နှစ် အရစ်ကျ ဈေးနှုန်းဖြင့် ပါဝင်ပြသရောင်းချ မည်ဖြစ်သည်။

မတ် ၁၇ ရက်တွင် ပြပွဲလာရောက်လေ့လာသူ များအား လက်ရှိမြန်မာ့စီးပွားရေးအခြေအနေ (Current Economic Issues in Myanmar) ခေါင်းစဉ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း Trade Training Institute (TTI) လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေ၊ ဦးခင်မောင်ညို (ဘောဂဗေဒ)နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် (အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)တို့က ဟောပြော ဆွေးနွေးမည်ဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ်ရာ အစီအစဉ်များအဖြစ် ပြပွဲကာလအတွင်း နေ့စဉ် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် မိုဘိုင်းဟန်းဆက် များကို မဲဖောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

၎င်းအပြင် မြန်မာနိုင်ငံ၏ အိမ်ရာ၊ အဆောက်အအုံ၊ အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် အိမ်ခန်းပေါင်း တစ်သန်း စီမံကိန်းတစ်ရပ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် SURBANA JURNG တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်သည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းသည် အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းနှင့် တန်ဖိုးမျှအိမ်ရာများကို လာမည့် ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်သော အိမ်ရာများအဖြစ် တည်ဆောက်မည်ဖြစ်ရာ မြန်မာနိုင်ငံအနှံ့ အိမ်ရာစီမံကိန်းများ ပေါ်ထွန်းလာတော့ မည်ဖြစ်သည်။


Source: MOI Webporatal

Facebook comments