ဖွံ့ဖြိုးမှုနှုန်းကျလာနေတဲ့ မြန်မာ့စီးပွားရေး

javascript

ကမ္ဘာ့ဘဏ်၏အစီရင်ခံစာသစ်အရ ၂ဝ၁၆ ခုနှစ်အတွင်းကျဆင်းခဲ့သည့် မြန်မာ့စီးပွားရေးတိုးတက် မှုနှုန်းသည် လာမည့်သုံးနှစ်အတွင်း ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာမည်ဟု ဆိုသည်။ သို့သော် လက်ရှိပကတိတွင် ကျဆင်းနေသည့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို အနိမ့်နှင့် လျော့ချခန့်မှန်းချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မေလအတွင်း ကနဦးခန့်မှန်းခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းမှ အောက်တိုဘာလအတွင်း၌ လျော့ချခန့်မှန်းခဲ့သည့်နှုန်းထားအတိုင်း ကမ္ဘာ့ဘဏ်ကလည်း ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းသည်။

ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေးအစီရင်ခံစာ (MEM) တွင် မြန်မာ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးရခြင်းမှာ ငွေကြေးဖောင်းမှုနှုန်းမြင့်တက်ခြင်း၊ ငွေလဲနှုန်းမတည်ငြိမ်မှု၊ စီးပွားရေးမူဝါဒများကို အများပြည်သူ ယုံကြည်မှုရနိုင်ရန်အတွက် ရှင်းလင်းစွာအသိပေးဆက်သွယ်ရန်လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့်ဟု ဖော်ပြထားသည်။

စီးပွားရေးတိုးတက်မှုနှုန်းတည်ငြိမ်အောင် ထိန်းထားရန်အတွက် မက်ခရိုစီးပွားရေးဆိုင်ရာအန္တရာယ်များစွာကို ရင်ဆိုင်ရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုနိမ့်ပါးခြင်း၊ ယှဉ်ပြိုင်စွမ်းအားမြင့်မားသည့် ကမ္ဘာ့ ဈေးကွက်နှင့်ရင်ဆိုင်ရခြင်း၊ ထုတ်လုပ်နိုင်သည့် ကုန်စည်အမျိုးအစား အမယ်မစုံလင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လွယ်ခြင်းနှင့် ပြည်ပမှဝယ်ယူတင်သွင်းရသည့် ကုန်စည်ဈေးနှုန်းများ မြင့်တက်နိုင်ခြင်းတို့ကို အန္တရာယ်များအဖြစ် အစီရင်ခံစာတွင် ရေးသားထားသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် ယမန်နှစ်လယ်က အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြန်လည်စိစစ်ခြင်းနှင့် အခြားအကြောင်းရင်းများကြောင့် စီးပွားရေးတိုးတက်မှုကို နှေးကွေးစေခဲ့ သည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်နှစ်ခုစလုံးက ထောက်ပြသည်။ ၄င်းတို့က ဆောက်လုပ်ရေးကဏ္ဍသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၅ ရာခိုင် နှုန်းကျော်ကို ကိုယ်စားပြုသည်ဟု ဆိုသည်။

ထို့ပြင် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသော သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည်လည်း ၂ဝ၁၆ ခုနှစ်အတွင်းက အလွန်အမင်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ သဘာဝဓာတ်ငွေ့ဈေးနှုန်းကျဆင်းမှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောစာရင်းများအရ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် ပထမရှစ်လအတွင်း သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရရှိသည့်ဝင်ငွေသည် ပြီးခဲ့သည် ဘဏ္ဍာနှစ် ကာလတူတန်ဖိုးအောက် ၄ဝ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့မှုသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ စုစုပေါင်း၏သုံးပုံ နှစ်ပုံခန့်နီးပါးကို ကိုယ်စားပြုသည့် အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းများ ကျဆင်းခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးမှုနည်းနေခြင်းသည် အစားအသောက်ထုတ်လုပ်မှုဆိုင်ရာကွင်းဆက် ပြဿ    နာများနှင့် အတိုင်းအတာတစ်ခုအထိသက်ဆိုင်ပြီး ကမ္ဘာ့ဘဏ်မှ ပညာရှင်များက ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်ဟု ဆိုသည်။ သို့သော်၂ဝ၁၅ ခုနှစ် ရေကြီးရေလျှံခဲ့မှုများကြောင့် ထိခိုက်ခဲ့ရသည့်အခြေအနေကို ပြန်လည်ထူထောင်နေရသည့်အချိန် ဖြစ်နေသော်လည်း ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၄ ရာခိုင်နှုန်းကျော် တိုးတက်နိုင်သည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ယခင်နှစ်အတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများ၏နောက်ဆက်တွဲဖြစ်သည့်ကုန်စည်ထောက်ပံ့မှုကျဆင်းခြင်းမှ ပြန်လည်ထူထောင်ရန် ဆက်လက်ကြိုးပမ်းနေရဆဲဖြစ်သည့်အတွက် အစိုးရသစ်၏ ပထမခြောက်လသည် ခက်ခဲသော စီးပွားရေးဝန်းကျင်အနေအထားတွင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ရသည်ဟုဆိုသည်။ ရေကြီးရေလျှံခြင်း၊ ကုန်စည်ဈေးနှုန်းကျဆင်းခြင်းနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှေးကွေးလျက်ရှိခြင်းတို့ကြောင့် စာရင်းရှင်နှင့်ဘဏ္ဍာရေးလိုငွေပြမှု ပိုမိုကြီးမားခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဲထုတ်လုပ်နိုင်မှု အလားအလာသည် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကောင်းမွန်နေပြီး ပြီးခဲ့သည့် သုံးနှစ်ကာလထက် ပိုမိုထုတ်လုပ်နိုင်မည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။ စပါး၊ ပဲနှင့် ဆီ ထွက်သီးနှံများသည် တိုင်းပြည်စီးပွားရေးအတွက် အရေးအကြီးဆုံးသီးနှံများအဖြစ် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က စီးပွားရေးတိုးတက်မှုနှုန်းကို လာမည့်သုံးနှစ်ဆက်တိုက် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင် နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားခြင်းက အစီရင်ခံစာတွင်ဖော်ပြထားသည့် အခြားအကြောင်းအရာများအနက် ကောင်းသောအချက်ဖြစ်သည်ဟုဆိုနိုင်သည်။ အဆိုပါ ခန့်မှန်းချက်ကလည်း ပြည်တွင်းပြည်ပမှ အခြေခံအဆောက်အအုံနှင့် အခြားသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်လာမည်ဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ဌာနေ အကြီးတန်းစီးပွားရေးပညာရှင် မစ္စတာဟာဘိရဘ်က မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍသည် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်လာနိုင်ပြီး မကြာသေးမီနှစ်များအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခြုံကြည့်လျှင် အဆိုပါကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုတိုးလာသည်ကို မြင်နိုင်ကြောင်း ထောက်ပြထားသည်။

''ကုန်ထုတ်လုပ်မှုကဏ္ဍက အခုထက် ပိုမိုတိုးတက်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားတယ်။ ဒါပေမဲ့ ဒီကဏ္ဍထဲ ရင်းနှီးမြှုပ်နှံချင်သူတွေကို ဆွဲဆောင်နိုင်ဖို့ကတော့ ဝန်ဆောင်မှုကဏ္ဍနဲ့ လျှပ်စစ် ဓာတ်အားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှုအပေါ် မူတည်နေတယ်''ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာပြီး ဓာတ်မြေသြဇာ၊ မျိုးစေ့ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစာထုတ်လုပ်မှုလုပ်ငန်းများတွင် သိသိသာသာ တိုးတက်လာသည့်အတွက် စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှု မြင့်တက်စေနိုင်သည့် အခြေခံ အကြောင်းအရာများဟု မစ္စတာဟာဘိရဘ်က မြန်မာတိုင်း(မ်) ကို ပြောသည်။

အောက်တိုဘာလအတွင်းက ဒတ်ခ်ျတိရစ္ဆာန်အစာထုတ် ကုမ္ပဏီတစ်ခု ဖွင့်လှစ်ခဲ့ခြင်းနှင့်အတူ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်မှ စတင်အကောင်အထည်ဖော်နေပြီဖြစ်သော မြန်မာ့နိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးစက်မှုထုတ်ကုန် စီမံကိန်းတို့သည်ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုပိုမိုဆွဲဆောင်ရန် အလားအလာကောင်းများ ဖြစ်သည်။

''စိုက်ပျိုးရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံဖို့ပြောတာနဲ့ မပါမဖြစ်က မြေယာပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ရှင်းလင်းမှုမရှိသေးတာက စရမှာပဲ။ မြေအသုံးချခွင့်ရဖို့က အင်မတန်အရေးကြီး တယ်။ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေရယ်၊ အဆောက်အအုံ ပိုင်ဆိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုတွေရယ်က ရင်းနှီးမြှုပ်နှံသူတွေကိုတွန့်ဆုတ်စေအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်။ ဒီကဏ္ဍတွေမှာ အမြန်ဆုံး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အရေးကြီးတဲ့အချိန်အခါ ဖြစ်နေပါပြီ'' ဟု မစ္စတာဟာဘိရဘ်က ပြောသည်။

ကမ္ဘာ့ဘဏ်က အစိုးရအနေဖြင့် မြန်မာ့စီးပွားရေး၏ကာလရှည်ပြယုဂ်အဖြစ်ရှိနေသည့် မက်ခရို စီးပွားရေးဆိုင်ရာမညီမျှမှုများကို ဖော်ထုတ်ဖြေရှင်းသွားရန် လိုအပ်ကြောင်း အကြံပြုထားသည်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ပြည်တွင်း မက်ခရိုစီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုရှိရေးက အလွန်အရေးပါသည်ဟု မစ္စတာ ဟာဘိရဘ်က ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ပတင်ပို့မှုလျော့လာခြင်းနှင့် ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြားသားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှေးကွေးခဲ့ခြင်းတို့က စီးပွားရေးတိုးတက်မှုအနေအထားကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်သည်။

စာရင်းရှင်လိုငွေပြမှုသည် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၃ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ဝ၁၅- ၁၆ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိတိုးလာပြီး ရာခိုင်နှုန်း အတိအကျဖော်ပြမထားသော်လည်း လာမည့်ကာလတိုအပိုင်းအခြားတွင် လိုငွေပြမှုက ဆက်လက် မြင့်တက်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားသည်။

''အခုလို စာရင်းရှင်လိုငွေပြမှုတွေက သဘာဝဓာတ်ငွေ့တင်ပို့မှုလျော့ကျလာတာတွေရယ်၊ တရုတ်ဘက်က ဝယ်လိုအားကျဆင်းလာတာတွေရယ်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်နေတဲ့တင်သွင်းမှုလိုအပ် ချက်တွေရယ်ကြောင့်ဖြစ်တယ်။ ဒီလိုငွေပြမှုဟာ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ထဲမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ခိုင်ခိုင်မာမာနဲ့ ဝင်လာခဲ့ရင်တော့ တန့်သွားနိုင်တယ်'' ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။

လိုငွေပြမှုသည် ယခင်ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ကာ လေးဆကျော်မြင့်တက်လာခဲ့သည်။ အဓိကအားဖြင့် ကုန်စည် တင်ပို့မှုများမှရရှိသည့် ဝင်ငွေနည်းပါးလာမှု၊ ပြည်တွင်းငွေလဲနှုန်းကျဆင်းမှု၊ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရယ်များအတွက် ကူညီထောက်ပံ့မှုများတွင် သုံးစွဲမှုပိုလာခြင်းတို့ကြောင့်ဖြစ်သည်။

သြဂုတ်လအတွင်းက ဘတ်ဂျက်ပြင်ဆင်ရေးဆွဲမှုတွင် အစိုးရက အခြားအသုံးစရိတ်များကို လျှော့ချထားပြီး ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့ကို ဦးစားပေးရန်ကြိုးပမ်းမှုကို အစီရင်ခံစာ၏ တွင် အသိမှတ်ပြု ဖော်ပြထားသည်။

မစ္စတာဟာဘိရဘ်က မကြာသေးမီက စံချိန်တင်မြင့်တက်ခဲ့သည့် ငွေလဲနှုန်းအနေအထားကို ထောက်ပြထားခဲ့ပြီး ဗဟိုဘဏ်သည် ငွေလဲနှုန်းတည်ငြိမ်မှုရှိအောင် စီမံခြင်းအားဖြင့် ဈေးကွက် အနေအထားနှင့် မျှတကိုက်ညီသော ငွေလဲနှုန်းမျိုးဖြင့် စီးပွားရေးလည်ပတ်နိုင်ရန်အရေးကြီးကြောင်း ပြောသည်။

အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံသူမြောက်မြားစွာက ပြီးခဲ့သည့်နှစ်အတွင်း အစိုးရ၏စီးပွားရေးမူဝါဒများနှင့် အသေးစိတ်မူဝါဒများ ရှင်းရှင်းလင်း ခိုင်ခိုင်မာမာ ရေးဆွဲပြဋ္ဌာန်းမှုကိုသာ စောင့်ဆိုင်းနေခဲ့ကြပြီး လက်ရှိအချိန်အထိလည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်းနေဆဲသာဖြစ်သည်ဟု အသားပေးဖော်ပြထားသည်။

''၂ဝ၁၆ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရသစ်ရဲ့ အချက် ၁၂ ချက်ပါဝင်တဲ့ စီးပွားရေးမူဝါဒဟာ ယေဘုယျအားဖြင့် တော်တော်လေးခိုင်မာပေမဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဘယ်လိုပုံစံမျိုး အကောင် အထည်ဖော်မယ်ဆိုတာမျိုး ကို ထင်သာအောင် ပြနိုင်ရင်တော့ ပိုအကျိုး ရှိပါလိမ့်မယ်''ဟု ဟာဘိရဘ်က ဆိုသည်။

ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မူဝါဒပိုင်း အကောင်အထည်ဖော်မှုနှေးကွေးနေခြင်းနှင့် ရှင်းလင်းမှုမရှိခြင်းက စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်လက်နှေးကွေးစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေကာအစိုးရသစ်၏ လတ်တလောအကောင်အထည်ဖော်နိုင်မည့် စီးပွားရေးမူဝါဒများချမှတ်နိုင်မှု၊ စီးပွားရေးမူဝါဒများကို အများပြည်သူယုံကြည်မှုရရန် ရှင်လင်းလွယ်ကူစွာ အသိပေးဆက်သွယ်နိုင်မှုနှင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်များအပေါ် တုံ့ပြန်ပုံများက အရေးကြီးလာကြောင်းရေးသားထားသည်။

Transparency International ကထုတ်ပြန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွက် နိုင်ငံအလိုက် အကျင့် ပျက်ချစားမှုညွှန်းကိန်းများအရလည်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အကျင့်ပျက်ချစားမှုအများဆုံး ၁၃၆ နိုင်ငံမြောက်တွင်ရှိနေပြီး ၂ဝ၁၅ ခုနှစ်က နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် ၁၄၇ နိုင်ငံ မြောက်တွင် ရှိခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက အညွှန်းကိန်းများကလည်း ရင်းနှီးမြှုပ်နှံသူများစောင့်ကြည့်ထည့်တွက်နိုင်သည့်အချက်တစ်ချက် ဖြစ်သော်လည်း နိုင်ငံတကာတွင် လှည့်လည်ရင်းနှီးမြှုပ်နှံနေသည့် ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အဓိကစဉ်းစားမည့်အချက်သည် တိုင်းပြည်တွင်း စီးပွားရေးလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့အောင် မည်မျှပံ့ပိုးပေးထားသည်ဆိုသည့်အချက် ဖြစ်သည်ဟု ဆိုသည်။

''အညွှန်းကိန်းတွေဆိုတာက ဘယ်သူ့တွက်လဲ၊ ဘယ်လိုပုံစံမျိုးနဲ့တွက်တာလဲ၊ ဘယ်အချက်တွေအပေါ်အခြေခံပြီးတွက်လဲဆိုတာပေါ်လည်း မူတည်ပါတယ်။ အကျင့်ပျက်ချစားမှုဆိုတာကတော့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ရှိနေတာကို တွေ့နေရတာပဲ။ ဒါပေမဲ့ multinational ကုမ္ပဏီကြီးတွေက လက်တွေ့ လာလေ့လာပြီး တခြားသောအချက်အလက်တွေအားလုံးကို ကြည့် ပြီးမှဆုံးဖြတ်တာပါ။ ဒီနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်လုပ်သား၊ အစိုးရရဲ့ ကြိုးနီစနစ်တွေ၊ အခြေခံအဆောက်အအုံလိုအပ်ချက်တွေ အားလုံးကိုခြုံကြည့်လေ့လာပြီးမှလာမှာပါ'' ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အားသာချက်များနှင့်အခက်အခဲများကို ဂျပန်စီးပွားရေး လုပ်ငန်းစုများက သုံးသပ်ရာတွင် အားသာချက်များအဖြစ် လူငယ်အလုပ်သမားပေါများခြင်းနှင့် လုပ်အားခသက်သာခြင်း၊ စီးပွာရေးတိုးတက်မှုကို အထောက်အပံ့ပြုနေသော ဈေးကွက်ကျယ်ပြန့်မှု၊ အာဆီယံဆက်သွယ်ရေးလမ်းကြောင်း၏ အဓိကကျသောနေရာတွင်တည်ရှိမှုတို့ကို ဖော်ပြထားသည်။

သို့သော် အခက်အခဲများအဖြစ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား စသည့်အခြေခံ အဆောက်အအုံပိုင်း မပြည့်စုံခြင်း၊ ခွင့်ပြုမိန့်၊ အခွန်ဆောင်ခြင်း စသည့်စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေသတ်မှတ်ချက်များ မပြည့်စုံခြင်း၊ အစိုးရ၏ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း တည်ငြိမ်မှု အားနည်းခြင်းနှင့် အစိုးရအဖွဲ့ အစည်းများ၏ သတင်းအချက်အလက်ထုတ်ပြန်မှုမပြည့်စုံခြင်းတို့ကို ထည့်သွင်းသုံးသပ်ထားသည်။

Source : The Myanmar Times

Facebook comments