နေပြည်တော်မှာ အိမ်ခြံမြေပွဲစားခ တိုးမြှင့်သတ်မှတ်

javascript
နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်အသင်းမှ ကျပ်သိန်း ၁၀၀၀ နဲ့အောက် အကျိုးဆောင်ခနှုန်းထားကို ယခုလကစပြီး တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ် ။

‘အိမ်ခြံမြေဈေးကွက်က ခုချိန်မှာ သိန်း ၁၀၀၀ အောက်တွေ ၊ သိန်း ၅၀၀ အောက်တွေပဲ အရောင်းအဝယ်ဖြစ်တာ များတယ် ၊ အရောင်းအဝယ်ဖြစ်ရင် လူသုံးယောက်လောက် အနည်းဆုံးလွှတ်ရတယ် ၊ အဲဒီတော့ အကျိုးဆောင်တဲ့သူတွေအနေနဲ့က မကိုက်ဘူး’ လို့ မြန်မာနိုင်ငံအိမ်ခြံမြေ အကျိုးဆောင်အသင်းက အတွင်းရေးမှူး (နေပြည်တော်)က ဦးကျော်စွာမြင့်က ပြောပါတယ် ။

အိမ်ခြံမြေ အကျိုးဆောင်ခနှုန်းထားကို ကျပ်သိန်း ၁၀၀၀ နှင့်အောက်မှာ သုံးရာခိုင်နှုန်း ၊ ကျပ်သိန်း ၁၀၀၀ အထက်ကို နှစ်ရာခိုင်နှုန်းအဖြစ် သြဂုတ်လ လဆန်းပိုင်းလောက်က စပြီး သတ်မှတ်လိုက်တယ်လို့ သိရပါတယ် ။

‘မြေကွက်တွေပဲ အရောင်းဖြစ်တယ် ၊ ဝါတွင်းဖြစ်နေတော့ နေပြည်တော်ရဲ့အိမ်ခြံမြေဈေးကွက်ဟာ အေးတယ်လို့ပဲ ပြောရမယ် ၊ အမေးကတော့ ရှိနေဆဲပဲ ၊ အဝယ်သာမရှိတာ’ လို့ ဦးကျော်မြင့်က ပြောပါတယ် ။

လက်ရှိနေပြည်တော်ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ သိန်း ၅၀၀ အောက်တွေမှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေကွက်ဝယ်ယူသူတွေဟာ ပေ ၈၀ x ပေ ၈၀ မြေကွက်တွေသာ အကြိုက်များပြီး လူစည်ကားတဲ့နေရာတွေထက် ပတ်ဝန်းကျင်ကို အဓိကထားကြည့်ပြီး ဝယ်ယူကြတယ်လို့ သိရပါတယ် ။ ‘ရွှေကြာပင်ရပ်ကွက်ဆို လူစည်ကားပေမဲ့ အခုချိန်မှာ အရောင်းအဝယ်အေးနေတယ်’ လို့ ဦးကျော်စွာမြင့်က ပြောပါတယ် ။

ဒက္ခိဏသီရိမြို့နယ် ၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ပေါင်းလောင်းဘက်တွေမှာ အရောင်းအဝယ်ကောင်းနေပြီး ရွှေကြာပင်ရပ်ကွက်နဲ့ ဥတ္တရသီရိမြို့နယ်မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ် ။


Source: The Kumudra

Facebook comments