တိုက်ခန်းဝယ်ယူ ရင်းနှီးထားသူအချို့ ပြန်လည်ရောင်းချရခက်ခဲနေ

javascript


 

 

ဝယ်လိုအားနှင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာနေသည့် အခြေအနေရှိနေသော လက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထား ကြောင့် တိုက်ခန်းအတော်များများ လက်ဝယ်ထား ဈေးကိုင်ထားသူ၊ ရင်းနှီးမြှုပ်နှံထားသူ အခန်းပိုင်၊ အိမ်ပိုင်အချို့ အနေဖြင့် ငွေပြန်မဖော်နိုင်ပဲ မလှုပ်သာမလွန့်သာ ဖြစ်နေကြကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦးမှ ပြောကြားသည်။

 

"ဈေးဆင်းလာတာတော့ကောင်းပါတယ် အများသူငါ ၀ယ်နိုင်တဲ့ နှုန်းထားတစ်ခုထိဖြစ်လာဖို့ကတော့ နှစ်အနည်းငယ် စောင့်ရဦးမယ်ထင်ပါတယ် ကျွန်တော်တို့ အကျိုးဆောင်တွေအနေနဲ့ကတော့ ဈေးတက်သည်ဖြစ်စေ ကျသည်ဖြစ်စေ

အရောင်းအ၀ယ်ဖြစ် အငှားဖြစ်မှ အလုပ်ဖြစ်တာဆိုတော့ ဈေးကျလည်း ကျသလို တတ်ရင်တတ်သလို ရောင်းသူ ၀ယ်သူ အဆင်ပြေအောင် လုပ်ပေးရတာပဲပေါ့ ခုအခြေအနေကတော့ အရောင်းအ၀ယ် တော်တော်ပါးနေတာထက် ဈေးပါထက်ကျလာတယ် တိုက်ခန်းတွေ လိုလိုပိုပို ၀ယ်ထားကြတဲ့သူတွေအဖို့ ပြန်ရောင်းထွက်ဖို့ ခက်ခဲနေ သလို ဖြစ်နေတယ် ကြို့ပွိုင့် ဈေးကွက်ဆိုရင် တိုက်ခန်းတွေ ၀ယ်ထားကြတဲ့သူတွေမှာဆိုရင် အမှန်တကယ် နေဖို့ ၀ယ်ထားသူတွေကတော့ အထွေအထူးသိပ်မဖြစ်ဘူးပေါ့ အဲလိုမှမဟုတ်ပဲ တစ်ချို့က တိုက်သစ်ဆိုတော့ ဈေးကောင်းပြန်ရလိုရငြား ကြို့ပွိင့်အခန်းတွေ အတော်များများယူထားတော့ အခု အရောင်းအ၀ယ်က မလိုက်ဘူး

ဈေးလည်းကျလာတယ် ဆိုတော့ အဲဒီအခက်အခဲလေးတွေ ဖြစ်နေကြတယ် နေရာကောင်း လမ်းကောင်း ကန်ထရိုက်တိုက်ခန်းတွေကတော့ ကြိုကြား ရောင်းထွက်ပါတယ် အခန်းတွေက မေးလိုက်ရင် ၀ယ်ပြီးသား အခန်းတွေကများပါတယ် အရင်ထဲက၀ယ်ထားကြတာတွေက တဆင့်ပြန် ရောင်းမထွက်ပဲ အရောင်းအ၀ယ် အေးနေတာပါ "ဟု ကမာရွတ်မြို့နယ်၌ နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကProperty.com.mm သို့ ပြောသည်။

 

ကြို့ပွိုင့်ဈေးကွက်များတွင်ပါ အရောင်းအ၀ယ်အေးလျက်ရှိနေပြီး ဈေးနှုန်းအတန်ငယ် ကျဆင်းလာနေသည့်အတွက် ကနဦးဝယ်ယူထားသူများ၊ အမြတ်တင်ရောင်းချ၍ ဈေးကစားရန် ၀ယ်ယူထားသူများ ပိုက်ဘောမိနေသည့် အနေ အထားဖြစ်ကာ လက်ရှိကာလအထိရန်ကုန်မြို့အတွင်းဆောက်လုပ်ပြီးအိမ်ရာတိုက်ခန်းများ၏ ၅၀ % ခန့် မှာလည်း အမှန်တကယ်နေထိုင်ရန်အတွက် ၀ယ်ယူထားခြင်းမဟုတ်ပဲ ၀ယ်ယူထားပြီး အဆင့်ဆင့် အမြတ်တင်ရောင်းချရန် ဈေးကစားရန်အတွက်ဖြစ်နေကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်ပြောဆိုကြသည်။

 

အရောင်းအ၀ယ်အေးနေမှုကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း၌ အမှန်တကယ် နေထိုင်လိုသူအချို့နှင့် ဈေးချ အရောင်းအ၀ယ်ဖြစ်မှုများမှ လွဲ၍  ၀ယ်ရောင်းဈေးကွက်တွင် ဈေးအမြင့်ပိုင်း ၀ယ်ယူမှုများလည်း ပိုမိုနည်းပါး လျက်ရှိပြီး မြို့နယ်အများစု၌ အငှားဈေးကွက်ကိုသာအားပြုနေရကြောင်း လေ့လာစုံစမ်းချက်များအရသိရသည်။

 

 

www.Property.com.mm

 

Facebook comments