ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း Draft Request for Proposal နှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိ

javascript

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း Draft Request for Proposal (REP) Volume ၁၊ ၂၊ ၃ နှင့်ပတ်သက်၍ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း (၁) အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် (Concessional Agreement) ချုပ်ဆိုပြီးမှ တည်ဆောက်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း အပိုင်း (၁) အတွက် စိတ်ဝင်စားသူများကို အရည်အသွေး ပြည့်မီမှု တောင်းဆိုချက် တင်သွင်းလွှာများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင် အရည်အသွေးပြည့်မီမှု လျှောက်လွှာ ၁၂ စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တင်သွင်းလာသည့် ကုမ္ပဏီများအနက်မှ ဆန်ခါတင်အရည်အ သွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု အမည်စာရင်း ကိုထုတ်ပြန်ထားပြီး ယင်းကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာစသည့် ကုမ္ပဏီများ ပါဝင်လျက်ရှိပြီး အများစုမှာ တရုတ်ကုမ္ပဏီများဖြစ်သည်။

ဆန်ခါတင် အရည်အသွေး ပြည့်မီသူများက တင်သွင်းလာသည့် စီမံကိန်း အဆိုပြုလွှာများအနက်မှ အောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူ တစ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး လာမည့် ဇွန်လတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန်နှင့် အစိုးရ၏ ဦးစားပေး စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စီမံကိန်းအား Public Private Partnership (PPP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြု မြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေစေရန်နှင့် နိုင်ငံ၏ စီးပွားရေးစင်္ကြံ လမ်းမကြီး တစ်ခုအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

Source : Eleven Media Group
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments