နိုင်ငံခြားဘဏ်များ၏ လုပ်ကိုင်ခွင့်လုပ်ထုံးလုပ်နည်း အသေးစိတ် ယခုလအတွင်း ထုတ်ပြန်မည်

javascript

နိုင်ငံခြားဘဏ်များ၏ ငွေချေးခြင်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ကိုင်ခြင်း စသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်အသေးစိတ်ကို ယခုလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ငွေချေးခွင့်ပေးမှာလဲ၊ တခြားဘဏ်ဝန်ဆောင်မှုဆိုတာ ဘာတွေလဲ၊ အတိုးနှုန်းကဘယ်လောက်သတ်မှတ်လဲ၊ အဲဒါတွေ ထုတ်ပြန်ပေးမယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားဘဏ်ခွဲများ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မြန်မာကျပ်ငွေဖြင့် ငွေချေးခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံခြားဘဏ်များသို့ ငွေလွှဲခြင်း စသည့်အမျိုးအစားများကိုလည်း နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောဆိုသည်။

ယင်းကဲ့သို့ နိုင်ငံခြားဘဏ်များကို ဘဏ်ဝန်ဆောင်မှုများ တိုးမြှင့်ပေးခြင်းဖြင့် ပို့ကုန်၊ သွင်းကုန်များတွင် ငွေပေးချေခြင်း၊ စီမံကိန်းအတွက် ချေးငွေများပိုမိုရရှိလာနိုင်ပြီး နိုင်ငံ့စီးပွားရေးအတွက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

ဘဏ်ဝန်ဆောင်မှုများကို ယခင်က နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များက ဆောင်ရွက်နေပြီး ယခု နိုင်ငံခြားဘဏ် ၁၃ ခုကလည်း ဝန်ဆောင်မှုပေးမည့်အတွက် ဘဏ်လောကအတွက် တိုးတက်မှုဖြစ်လာနိုင်ကြောင်း ဘဏ်လောကအသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။

“နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ဖြေလျှော့ပေးလိုက်တဲ့အတွက် ပြည်တွင်းဘဏ်တွေက ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ အရင်ကထက် ပိုပြီးလုပ်ရမယ်” ဟု ဘဏ် လုပ်ငန်းကျွမ်းကျင်ပညာရှင် ဦးမြသန်းက ပြောကြားသည်။

နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးခြင်းအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှု လုပ်ကိုင်ခွင့် တိုးမြှင့်ခြင်းကို နိုဝင်ဘာလ ၈ ရက်နေ့၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Source : The Voice
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်

Facebook comments