တံတားဖွင့်ပြီးလျှင် မြောက်ဒဂုံ အိမ်ခြံမြေဈေး အနည်းငယ်မျှ သက်ရောက်နိုင်

javascript

ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသော ငမိုးရိပ်တံတားသည် မကြာမီတည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ ယင်းတံတားဖွင့်ပြီးလျှင် မြောက်ဒဂုံ၏ အိမ်ခြံမြေဈေးကွက်ကို အနည်းငယ် သက်ရောက်နိုင်သည်ဟု အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းအချို့က ဆိုသည်။
ထူးမြန်မာအိမ်ခြံမြေလုပ်ငန်းမှ ကိုသူရလင်းက လက်ရှိတွင် တံတားမပြီးသေးသဖြင့် အိမ်ခြံမြေရောင်းလိုသူများက ဈေးကို တင်းမခံကြသဖြင့် အရောင်းအ၀ယ်အချို့ဖြစ်သော်လည်း တံတားပြီးစီးသွားပါက ရောင်းသူဘက်မှ ဈေးတင်ခြင်း၊ မရောင်းသေးဘဲ တောင့်ခံနေခြင်းတို့ဖြစ်လာနိုင်သဖြင့် ယခုထက် ဈေးကွက် အေးသွားနိုင်သည်ဟု သုံးသပ်သည်။
“တံတားဖွင့်တဲ့အနားက အိမ်ငှားဈေးကွက်ကတော့ နည်းနည်းပိုကောင်းသွားနိုင်တယ်။ လမ်းကပိုပြီး သွားလို့လာလို့ ကောင်းသွားတာကိုး။ နောက်ပြီး အဲဒီနားတွေမှာ လမ်းတွေကို ပြန်ပြင်ဖို့ရှိတယ်လို့ သိထားတယ်။ ဒါပေမဲ့ အိမ်ဝယ်ရောင်း ဈေးကွက်ကြတော့ ပြောင်းပြန်အကျိုးသက်ရောက်မှုရှိနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။
တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက်မှာ လုံးဝအေးစက်နေပြီး သိန်း ၂၀၀၀ အောက် အိမ်ခြံမြေများသာ လက်ရှိအချိန် တွင် အရောင်းအ၀ယ်ဖြစ်သဖြင့် တံတားပြီးပြီဟုဆိုကာ ဈေးတင်ကြမည့် အိမ်ရှင်များ ရှိလာလျှင် ၀ယ်လိုအားလည်း ကျသွား နိုင်သည်ဟုလည်း သူကဆိုသည်။
ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးကလည်း တန်ဖိုးမများသော ကျပ်သိန်း ၃၀၀ မှ ၅၀၀ ပတ်ဝန်းကျင်ရှိ အိမ်များမှာ ပို၍ အရောင်းအ၀ယ်ပိုသွက်နေကြောင်း၊ ငမိုးရိပ်တံတား တည်ဆောက်ပြီးစီးပါက ယင်းသို့သော ဈေးတန်ရှိသည့် အိမ်ခြံမြေများ ၀ယ်လိုအားများလာနိုင်သည်ဟု ဆိုသည်။ သို့သော်လည်း ထိုဈေးတန်နေရာများက ဈေးမြင့် သွားလျှင်မူ ၀ယ်လိုအားမရှိသဖြင့် ဈေးနှုန်းမှာမူ ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း ပြောသည်။
“အခုခေတ်က တိုက်ခန်းဆိုရင်တောင် အနိမ့်ဆုံးက သိန်း ၂၀၀ ၃၀၀ လောက် သုံးနေရတယ်။ အဲဒီတော့ သိန်း ၄၀၀ လောက်နဲ့ အိမ်ပိုင်မြေပိုင်ရမယ်ဆိုရင် ၀ယ်တဲ့သူတွေက ပိုကြိုက်တာပေါ့။ တိုက်ခန်းထက်လည်း မြေပိုင်ဆိုင်မှုက ပိုမာတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။
အဆိုပါဈေးနှုန်းများမှာ လူတိုင်းနီးပါး လက်လှမ်းမီသော ဈေးနှုန်းများဖြစ်သဖြင့် အရောင်းအ၀ယ် ပိုသွက်လာရန် မျှော်လင့်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကမူ မြောက်ဒဂုံဈေးကွက်အလားအလာကို ကွဲပြားစွာ ရှုမြင်သည်။
“အခုဈေးကွက်မှာက ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းနေတယ်။ အငှားဈေးကွက်တွေလည်း ဈေးကတယ်။ အဲဒီတော့ တံတားတည်ဆောက်ပြီးသွားလို့ သွားရေးလာရေး အဆင်ပြေသွားရင်တောင် ဈေးကွက်ကတော့ လှုပ်ခတ်မှုရှိမှာ မဟုတ်ပါဘူး”ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဆိုသည်။
ငမိုးရိပ်တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေ ကျပ် ၅ ဒသမ ၂ ဘီလျံဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် မြတ်နိုးသူ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောက်လုပ်နေခြင်းဖြစ်သည်။
စုစုပေါင်း ၄၀၆ ပေရှည်သည့် အဆိုပါ တံတားကို လာမည့်အောက်တိုဘာတွင် ဖွင့်လှစ်သွားမည်ဟု မြို့တော်စည်ပင် က ထုတ်ပြန်ထားသည်။

Source : Myanmar Time

Facebook comments