အလှဆင်ဖို့ တောင်းဆိုလာတဲ့ ရန်ကုန်ကအိမ်တွေ

javascript

ရန်ကုန်က လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေထက် အရောင်စုံလင်လာသည်။ ၂၀၁၀ နိုင်ငံရေးပြောင်းလဲမှုအပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ပြည်တွင်းမှာ ယခင်က မရှိခဲ့တဲ့ အလုပ်အကိုင်တွေရှိလာသလို၊ ကမ္ဘာအနှံ့က ပြည်ပသားတွေလည်း ကဏ္ဍစုံမှာ လုပ်ကိုင်ကြဖို့ ရောက်လာကြသည်။
ထိုနည်းတူပဲ ပြည်တွင်း အနယ်နယ်အရပ်ရပ်က သူတွေဟာလည်း ရန်ကုန်ကို အိမ်မက်အဖုံဖုံနဲ့ ရောက်လာနေကြ တာ နေ့စဉ်ရှိနေသည်။
ရန်ကုန်က အိမ်ခန်းအများစုသည် ယခင်တစ်လျှောက်လုံး ဖြစ်သလိုဆောက်လာခဲ့ရာ အများအပြားမှာ လေးထောင့်ပုံ ကွန်ကရစ်ပြွန်ချောင်းသာသာရှိသောကြောင့် နေထိုင်သူများအဖို့ သက်သောင့်သက်သာရှိရန် မလွယ်ကူပေ။
အချိန်အများစုကို အလုံပိတ်အခန်းများတွင်သာ ကုန်ဆုံးနေကြသူများအဖို့ စိတ်ထဲမှာ သက်တောင့်သက်သာရှိဖို့ ကုစားမှုက လိုအပ်ချက်တစ်မျိုးဖြစ်လာသည်။
ထို့ကြောင့် လက်ရှိတွင် လူငါးသန်းကျော်ရှိပြီး တစ်နေ့တခြား လူထူထပ်လာသည့် ရန်ကုန်က တိုက်ခန်းများသည် နေထိုင်သူတို့ သက်တောင့်သက်သာရှိရန် အိမ်အလှဆင်မှုကို တောင်းဆိုလာကြသည်။
အိမ်အလှဆင်သည့် လုပ်ငန်းများသည် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှစ၍ တဖြည်းဖြည်းတွင်ကျယ်လာကာ ယခုအချိန် တွင် သင့်တင့်သောအခြေအနေတွင် ရပ်တည်နေနိုင်ပြီဟု ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်အချို့က ဆိုကြသည်။
ရန်ကုန်တွင် တိုက်ခန်းဝယ်ကာ အိမ်တွင်းအလှဆင်ပြီး ပြန်လည်ငှားရမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်း နိုင်ငံသား မစ္စတာ တက်ဒီ တာနဖော ဂျီရပွန်ဖန်နစ်က “ကျွန်တော်အမြင်အရတော့ ရန်ကုန်ဟာ အိမ်တွင်းအလှဆင်မှုကို လိုကိုလိုအပ်နေတယ်။ ဒါမှ လူတွေ အပြည့်အ၀အနားရပြီး သောကတွေလျော့မယ်၊ နောက်နေ့မှာ ခွန်အားပြည့် အလုပ်လုပ် နိုင်မယ်”လို့ မြန်မာတိုင်း(မ်)ကို ပြောသည်။
ဈေးကွက်အခြေအနေ
အများအားဖြင့် နိုင်ငံခြားသားကို ငှားရမ်းမည့်တိုက်ခန်းများ၊ ကွန်ဒိုများတွင် အိမ်အတွင်းအလှပြင်ဆင်လာကြသည်။ ယခုနောက်ပိုင်းတွင် ဈေးဆိုင်ခန်းများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဟိုတယ်များနှင့် ရုံးခန်းများတွင်လည်း အလှဆင်ရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်နေသည့် အင်ဂျင်နီယာ ဦးတင်သန်းဦးက ပြောသည်။
ခြံဝင်းများထဲတွင် ပြုလုပ်သည့် အလှဆင်မှုကိုမူ သိပ်မလုပ်ကြသေးကြောင်း သူကဆက်ပြော သည်။ ဈေးဝယ်စင်တာများတွင် ရောင်းချသည့် ဆိုင်ခန်းများသည် အမှတ်တံဆိပ်ပြောင်းလဲသည့်အခါ နောက်ဒီဇိုင်းတစ် မျိုးဖြင့် အစအဆုံး ပြန်ပြင်ကြသည့် လုပ်ငန်းမှာမူ တွင်ကျယ်ကြောင်း ၎င်းကပြောသည်။
“ဒီမှာက အိမ်တွင်းအလှဆင်ဈေးကွက်က တဖြည်းဖြည်းချင်းတိုးတက်လာတာတော့ တွေ့နေရပြီ။ အထူးသဖြင့် မြန်မာတွေက ပြည်ပနိုင်ငံတွေကို အရင်ကထက် အသွားများလာတယ်။ ဟိုရောက်တော့ သူတို့မြင်တွေ့ပြီး သိလာတာတွေ ထဲကမှ ကောင်းနိုးရာရာတွေ အမူအကျင့်တွေကို ယူဆောင်လာကြတာပေါ့။ အဲဒီအထဲက အိမ်တွင်းအလှဆင်မှုကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်”ဟု မစ္စတာ ဂျီရပွန်ဖန်နစ်က မှတ်ချက်ပြုသည်။
တစ်ဖက်တွင်လည်း တိုက်ခန်းအရောင်းအ၀ယ်ဈေးကွက် အေးစက်နေခြင်းက ယင်းလုပ်ငန်းဈေးကွက်ကို သက် ရောက်မှုရှိကြောင်း ဦးတင်သန်းဦးက ပြောသည်။
သို့သော် ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် ရုံးများ အများအပြား ဆောက်လုပ်လာကြသဖြင့် အခန်းအလှဆင် သည့် ဈေးကွက်မှာ ဟန်မပျက်ဆက်ရှိနေကြာင်း ၎င်းကဆိုသည်။
အိမ်ကို အလှဆင်ကြသူအများစုမှာ လူလတ်တန်းစားများဖြစ်ကြပြီး ကိုယ်တိုင်နေထိုင်ရန်မဟုတ်ဘဲ နိုင်ငံခြားသား များကို ငှားရန်အတွက်သာ အများစုက ပြင်ဆင်ကြသည်ဟု သိရသည်။
“နိုင်ငံခြားသားက အခန်းဝယ်မရတော့ ပရိဘောဂအပြည့်အစုံပါတဲ့ တိုက်ခန်းတွေ ငှားလာကြတယ်။ နိုင်ငံခြားသား အငှားဈေးကွက် သွက်လာတာနဲ့အမျှ ဒီလုပ်ငန်းကလည်း ပိုပြီး တိုးတက်လာတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားသားအငှားဈေးကွက်တွင် အသင့်နေထိုင်နိုင်သည့် တိုက်ခန်းဈေးမှာ တစ်လလျှင် ဒေါ်လာ ၁၂၀၀ ခန့်မှ စပြီး လုံးချင်းနှစ်ထပ်တိုက်ဆိုလျှင် ဒေါ်လာ ၄၀၀၀ ခန့်ထိရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။
ဘာကြောင့် အိမ်ကို အလှမဆင်ကြတာလဲ
ရန်ကုန်က တိုက်ခန်းများသည် အလှဆင်ပြီးမှ နေသာထိုင်သာရှိမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် စဉ်းစား စရာကလည်း ရှိသေးသည်။
အိမ်တွင်းအလှဆင်ရာတွင်လည်း အသုံးပြုသည့် ပစ္စည်းအပေါ်မူတည်ပြီး ကုန်ကျစရိတ်ရှိသဖြင့် နိုင်ငံသားများ၏ ၀င်ငွေအရ လက်လှမ်းမီရန် ခက်ခဲနေသေးသည်ဟု ဈေးကွက်သတင်းရင်းမြစ်များ ဆိုသည်။
ပုံမှန်အရွယ်အစားရှိသော အခန်းတစ်ခန်းကို ပြုပြင်မည်ဆိုလျှင် အနည်းဆုံး ကျပ်သိန်း ၈၀ နှင့် သိန်း ၁၀၀ ပတ်ဝန်း ကျင်ခန့် ကုန်ကျစရိတ်ရှိသည်ကို သိရသည်။
အိမ်အလှဆင်လုပ်ငန်းများကို ယခင်ထက်စာလျှင် ပိုမိုစိတ်ဝင်စားမှုရှိလာကြသော်လည်း ရှေးရိုးစွဲနေသော အယူ အဆများကြောင့် ဆောက်ပြီးသား အိမ်ဒီဇိုင်းများကို ပြုပြင်ရန် တွန့်ဆုတ်နေကြသည်များလည်းရှိကြောင်း ရန်ကုန်မြိုက အင်းလျားလမ်းတွင် နေထိုင်သူ ကိုအောင်မိုးက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့လယ်နှင့် အလှမ်းဝေးသောနေရာများတွင် ကျယ်ဝန်းသောခြံဖြင့် နေထိုင်ရန်သာ ပိုမိုအားသန်ပြီး အိမ်ကို အလှဆင်ရန် သိပ်စိတ်မ၀င်စားသူများရှိသည်ဟု အိမ်အလှဆင်သည့် ကုမ္ပဏီက ဦးဇော်ဇော်က ပြောသည်။
အလားအလာ
များမကြာမီ ကွန်ဒိုမီနီယံနည်းဥပဒေလည်း ထွက်ရှိလာတော့မည်ဖြစ်ရာ ကွန်ဒိုခန်းများကို နိုင်ငံခြားသားများပါ ၀ယ်ယူခွင့်ရလာတော့မည်ဖြစ်သည်။ ထိုအချိန်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရန် အများစုက မျှော်လင့်နေကြ ရာ ယင်းဈေးကွက်နှင့် ညီနောင်ဖြစ်သော အိမ်အလှဆင် ဈေးကွက်အတွက်လည်း မျှော်လင့်စရာတစ်ခုဖြစ်လာနိုင်သည်။
ဟူသည် အိမ်များကို ပြန်လည်အဆင့်မြင့်တင်သည့် စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ငန်းမျိုးလည်း ရန်ကုန် ဈေးကွက်တွင် ရှိလာသည်။
၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ မိမိအိမ်ကို အဆင့်မြင့်တင်လိုသော အိမ်ရှင်တစ်ဦးက ဒို့အိမ်ကို ကမ်းလှမ်းလာပါက ငါးနှစ်အကျိုးအမြတ်ခွဲဝေရေးစာချုပ်ချုပ်ဆိုသည်။ ပထမဆုံးနှစ်အတွင်း ပြင်ဆင်မှုများ၊ အဆင့်မြင့် တင်မှုများအတွက် ပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ်များကို သူတို့က ကျခံပေးသည်။ အဆင့်မြင့်တင်ပြီးနောက် တိုး တက်ရရှိလာသော အကျိုးအမြတ်၏ လေးပုံတစ်ပုံကို ဒို့အိမ်က ယင်းငါးနှစ်အတွင်း ပြန်လည်ရယူပြီး ထိုငွေထဲမှ ငါးရာခိုင် နှုန်းကို အကျိုးအမြတ်မမျှော်သော လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသည်ဟု ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဥပမာ အားဖြင့်ဆိုလျှင် အဆင့်မမြင့်မီက တစ်လအိမ်ငှားခ ကျပ်နှစ်သိန်းခွဲခန့်ရနေသော အိမ်သည် အဆင့်မြင့်တင်ပြီးနောက် တစ်လ ကျပ် ၁၀ သိန်းရရှိလာပါက တိုးတက်ရရှိလာသော ကျပ်ရှစ်သိန်းခွဲ၏ လေးပုံတစ်ပုံကို ငါးနှစ်အတွင်း ပြန်လည်ပေး ရ ခြင်းဖြစ်သည်။ ရန်ကုန်တွင် ထိုကဲ့သို့ ပြုလုပ်သော တိုက်ခန်းများလည်း ရှိလာပြီဖြစ်သည်။

အိမ်အလှဆင်ဖို့ ဘာကြောင့်လို
“ကျွန်တော်ဆို အိမ်မပြန်ချင်ဘူး။ ဘာကြောင့်ဆို အိမ်မှာက နေချင်စဖွယ်မဖြစ်ဘူး။ ပစ္စည်းတွေက ရှုပ်ပွနေတယ်။ ရှင်းပြစ်ဖို့ကလည်း နေရာမရှိဘူး။ အခန်းကကျဉ်းတော့ လူကဖြစ်သလို နေရတယ်။ ဒီတော့ ဈေးဝယ်စင်တာလို ဟာမျိုး တွေမှာ အချိန်ဖြုန်းရတာများတယ်”ဟု အသက် ၃၂ နှစ်အရွယ် ရန်ကုန်သား ကိုမျိုးကျော်က ပြောသည်။
ကိုယ်တိုင်မလုပ်တတ်သလို ထိုလုပ်ငန်းလုပ်သည့် ကုမ္ပဏီများအပ်ရန် ငွေကုန်ကြေးကျများသဖြင့် မလုပ်ဖြစ် သော်လည်း သူက အိမ်ကို အလှဆင်လိုကြောင်း ပြောသည်။
မြန်မာတိုင်း(မ်)၏ မေးမြန်းချက်အရ မိမိတို့နေသည့် အိမ် သို့မဟုတ် တိုက်ခန်းများကို အလှဆင်လိုသည်မှာ ၎င်း တစ်ဦးတည်းသာမကဘဲ ရန်ကုန်မှာနေတဲ့ လူအများအပြားက အိမ်ကို အလှဆင်ရန်လိုကြောင်းမှတ်ချက်ပေးကြသည်။
ရန်ကုန်တွင် စံချိန်နှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆောက်ထားသည့် တိုက်အများအပြားရှိနေခြင်း ကြောင့် ရန်ကုန်သားတို့ နေ့စဉ်ဘ၀ကို မကြာခဏ ညည်းညူကြသည်။ ထိုအိမ်များနေရာတွင် အိမ်အသစ်များအစားထိုးဖို့ မဖြစ်နိုင်အောင် ခက်သဖြင့် သူတို့အတွက် ကောင်းမွန်စွာပြင်ဆင်ထားသည့် အိမ်ခန်းများ လိုအပ်သည်မှာ အမှန်ပင်။ သို့သော် အိမ်အလှဆင်ရန် ငွေကြေးကလည်း စဉ်းစားနေကြရသည်။
မစ္စတာ ဂျီရပွန်ဖန်နစ်က “ကျွန်တော်အိမ်ကိုပြန်ပြင်ပြီး အလှဆင်တာလုပ်ဖို့ ကုမ္ပဏီတွေကို မေးတော့ ကျပ်သိန်း ၁၁၀ တောင် တောင်းတယ်ဗျ။ အဲဒါနဲ့ ကျွန်တော် ကိုယ့်ဘာသာ ဒီဇိုင်းဆွဲပြီးလုပ်တော့ ကျပ် ၁၀ သိန်းကျော်ပဲ ကျသင့်တယ် ဗျ။ ကျွန်တော့် အတွေ့အကြုံအရ လိုအပ်တဲ့ ပစ္စည်းတွေလည်း ပြည်တွင်းမျာ အကုန်းနီးပါးရှိပါတယ်။ သေသေချာချာ စဉ်းစားဖို့ရယ်၊ အချိန်ပေးဖို့ရယ်တော့ လိုတာပေါ့”ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

Source : Myanmar Time

Facebook comments