အိမ်မြေဝယ်သူအတွက် အချိန်ကောင်း ဖြစ်သော်လည်း ပိုင်ဆိုင်မှုအထောက်အထားသတိထားရန် လိုအပ်

javascript

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဝယ်မယ့်သူတွေအတွက် အားသာချက်တွေရှိနေပြီးအချိန်ကောင်းဖြစ်နေပေမဲ့ အလုပ်လုပ်မယ်ဆိုရင်တော့ သတိထားရမယ့် အချက်တွေရှိနေကြောင်း အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။

လတ်တလော အိမ်ခြံမြေရောင်းဝယ်ရာမှာပေးဆောင်ဖို့ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေ၊ အိမ်ခြံမြေ ရာဖြတ်တန်ဖိုး သတ်မှတ်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်မှုအားမကောင်းသေးတဲ့ အနေအထားတွေကြောင့်အိမ်ခြံမြေအရောင်းအဝယ်ဟာ ကာလတိုအတွင်း အရောင်းအဝယ် ပြန်လည်အားကောင်းလာဖို့ မလွယ်ကူသေးပါဘူး။ နှစ်ရှည် အရောင်းအဝယ်ငြိမ်သက်နေတဲ့ အိမ်မြေဈေးကွက်ဟာ တန်ဖိုးနည်းအိမ်မြေတွေကိုသာ အများဆုံး အားထားလုပ်ကိုင် နေရဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဝယ်သူဘက်က အားသာချက်တွေ ရှိနေပြီး တန်ဖိုးသင့်တင့်တဲ့ အိမ်မြေအကွက်အကွင်းတွေမှာ အလုပ်လုပ်ထားရင်ရေရှည်မှာ အကျိုးအမြတ်ရှိနိုင်ကြောင်းအိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။ အထူးသဖြင့် လူနေကျဲပါးတဲ့ မြို့သစ်ဧရိယာအတွင်း နေရာကောင်းတွေမှာ အလုပ်လုပ်သင့်တယ်လို့ ဆိုကြပါတယ်။

လက်ရှိမှာ လူနေကျဲပါးတဲ့ မြို့သစ်ဧရိယာတွေအတွင်း အဓိကကျတဲ့ လမ်းမတန်းတွေပေါ်မှာ အိမ်မြေခေါ်ဈေးတွေက ပေ ၄ဝ၊ ပေ ၆ဝအကျယ်အဝန်းကို ပျမ်းမျှ ကျပ်သိန်း ၁,ဝဝဝ ကနေ ကျပ်သိန်း ၁,၃ဝဝ အတွင်း ရှိနေပါတယ်။ ဒီဈေးနှုန်းတန်းတွေဟာ အကွက်အကွင်းကျမှုနဲ့ နှိုင်းယှဉ်ကြည့်ရင် အလုပ်လုပ်သင့်တဲ့ဈေးနှုန်းတန်းလို့ သုံးသပ်နိုင်မှာဖြစ်ပြီး လက်ထဲမှာ ထားရင်ထားနိုင်သလို ဈေးမြင့်တက်လာမယ့် နေရာမျိုးတွေ ဖြစ်တယ်လို့ အကျိုးဆောင်
အများစုက သုံးသပ်ကြပါတယ်။ ဒီလိုနေရာတွေမှာ ဝယ်ရောင်းတွေအနေနဲ့ ကျပ်သိန်း ၅ဝ၊ကျပ်သိန်း ၁ဝဝ အမြတ်အစွန်းနဲ့လက်ပြောင်းလက်လွှဲ ရောင်းကြတာမျိုးရှိပြီး တချို့ကတော့ ကိုက်ဈေးရမှ လက်လွှတ်ကြပါတယ်။

သတိပြုရမယ့်အချက်က လူနေကျဲပါးတဲ့ဒီနေရာအများစုဟာ မြေကွက်လွတ်တွေဖြစ်နေတာကြောင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထားတွေကို သေချာ စိစစ်အလုပ်လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီဧရိယာတွေမှာ တချို့မြေကွက်တွေက လမ်းအူကြောင်းပေါ်သလို တချို့နေရာတွေကတော့ ဘယ်နေရာက ဘာလမ်း၊ မြေကွက်က ဘယ်နေရာစသဖြင့်မြေပုံနဲ့မှန်းပြီး အကွက်ဖော်ကြရမှာပါ။ ဒါပေမဲ့ လူဦးရေ ထူထပ်သိပ်သည်းလာတဲ့အနေအထားအရ အဓိကကျတဲ့ လမ်းမတွေဟာ နှစ်ရှည်စောင့်ဆိုင်းစရာ မလိုအပ်ဘဲ လမ်းတွေ ရုပ်လုံးပေါ်လာဖို့ များပြီး လက်ရှိမှာလည်း လူနေကျဲဧရိယာတွေဟာ အခုနောက်ပိုင်းမှာ တစ်နှစ်ထက် တစ်နှစ် အခြေချနေထိုင်သူ တိုးလာတာ သိသာလာပါတယ်။

အဲဒီလို မြေကွက်လွတ်တွေမှာ ခြံဝင်းခတ်ဝင်ရောက်နေထိုင်ပြီး ရဲရဲတင်းတင်း ရောင်းချတာတွေ ကြုံရနိုင်သလို စာရွက်စာတမ်း အတုပြဿနာတွေကို သတိထားဖို့ လိုအပ်ကြောင်း အကျိုးဆောင်အများစုက ပြောပါတယ်။ အိမ်မြေဈေးကြီးမြင့်မှုအရ တချို့က လက်ထဲရှိတဲ့ ငွေပမာဏနဲ့ နိုင်နင်းရင် နောက်ပြဿနာနောက်မှ ရှင်းမယ်ဆိုတဲ့ စိတ်နဲ့ စွန့်စားဝယ်ကြတာတွေရှိနေပါတယ်။ ဒီအဓိက အချက်တွေကို ရှောင်ရှား ကျော်ဖြတ်နိုင်ရင် လက်ရှိအရောင်း
အဝယ်အနေအထားအရ ဝယ်ယူသူဘက်ကအားသာချက် ပိုများနေပြီး ဈေးတန်းအရလည်းရင်းနှီးမြှုပ်နှံထားဖို့ သင့်တယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

Source : Myanmar Time

Facebook comments