မြေယာအသုံးပြုခွင့်မရှိဘဲ မြစ်နံဘေးတွင် ကျောက်မီးသွေးများ စုပုံထားသော ကုမ္ပဏီများကို ကလေးဝမြို့နယ် လယ်ယာမြေစိစစ်ရေး ကော်မတီက တရားစွဲရန် ပြင်ဆင်နေ

javascript

မြေယာအသုံးပြုခွင့်မရှိဘဲ မြစ်နံဘေးတွင် ကျောက်မီးသွေးများ စုံပုံထားသော ကုမ္ပဏီများနှင့် ကျောက်မီးသွေး ၀ယ်ယူသူများကို ကလေးဝမြို့နယ် လယ်ယာမြေစိစစ်ရေး ကော်မတီက တရားစွဲရန် ပြင်ဆင်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်မီးသွေး ကုမ္ပဏီများကို ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်က သွားရောက်စစ်ဆေးခဲ့ရာ မြစ်နံဘေးတွင် ကျောက်မီးသွေးများ စုပုံထားသည်ကို တွေ့ရှိခဲ့၍ စစ်ဆေးခဲ့ရာ မြေယာအသုံးပြုခွင့် လျှောက်ထားခြင်းမရှိဘဲ အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ကျောက်မီးသွေးတွေက မီးလောင်လွယ်တယ်။ ဒါတွေထားဖို့ဆိုရင် စုပုံကွင်း သီးသန့်လျှောက်ရမယ်။ စုပုံကွင်းကို တိုင်းဒေသကြီးအစိုးရဆီမှာ လျှောက်ထားရမယ်။ အဲဒီလို တင်ပြတဲ့အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနဲ့စိစစ်ပြီး ကိုက်ညီမှ ခွင့်ပြုပေးလို့ရမယ်။ ဥပဒေမှာလည်း စုပုံကွင်းတွေဟာ မြစ်နဲ့ အနည်းဆုံး ပေ ၃၀၀၀ ကွာရမယ်လို့ပါတယ်။ အခုဟာက မြစ်နံဘေးမှာ ဒီတိုင်းပဲစုပုံထားကြတယ်။ မိုးရွာလို့ မိုးရေတွေနဲ့အတူ ကျောက်မီးသွေးတွေ မြစ်ထဲရောက်ကုန်ရင် အရမ်းအန္တရာယ်ကြီးတယ်။ ဒါကို ဟိုးအရင်ကတည်းက မြစ်နံဘေးမှာ ဒီလိုပဲ ပြီးစလွယ်ပုံနေကြတယ်။ ဘယ်သူမှလည်း ဘာမှမပြောကြဘူး။ အခုအဲဒါတွေ အကုန်ပြန်စစ်မယ်။ စုပုံကွင်း လျှောက်ထားလား၊ မြေယာတွေကို အခြားနည်း သုံးစွဲခွင့် လျှောက်ထားလားဆိုတာ အကုန်ပြန်စစ်မယ်။ ပုံစံ ၇ လောက်နဲ့တော့ လာမပြနဲ့ မရဘူး” ဟု ၀န်ကြီးက ပြောကြားသည်။

ထိုကဲ့သို့ ကျောက်မီးသွေး စုပုံထားသော မြေနေရာများကို သက်ဆိုင်ရာ မြေစာရင်းဌာန၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ သတ္တုတွင်းဌာနမှ တာဝန်ရှိသူများနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးမှုအပြီးတွင် အရေးယူ ဆောင်ရွက်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးဝမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီက တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျောက်မီးသွေးတွေ မြစ်ကမ်းနံဘေးမှာ ပုံနေတာတွေက အရင်ကတည်းက ရှိခဲ့တာပဲ။ အခုတော့ ပြန်စိစစ်ပြီးတော့မှ မပုံခိုင်းတော့ဘူး။ ကလေးဝမြို့နယ်မှာဆိုရင် အဓိက ပလူဇ၀မှာပေါ့။ သစ်ချောက်တစ်ဖက် ကမ်းကျောက်အုံဘက်ခြမ်းမှာလည်း အဲဒီလို ပုံနေတာပဲ။ အရင်က ကလေးဝ မုဋ္ဌောစွန်းမှာလည်း ဒီအတိုင်း ချနေကြတာပဲ။ ဒီလိုပုံတာတွေက ဥပဒေအရ ခွင့်မပြုပါဘူး။ ဥပဒေအရ ဘယ်သူမှ လိုက်မလုပ်ပါဘူး။ ဒါ့ကြောင့် စစ်ဆေးရေးအဖွဲ့က လိုက်လံကြီးကြပ်တာပါ။ အဲဒါတွေ အားလုံးကို ပြန်လည် စိစစ်နေတာပါ။ ဒီလိုပုံတယ် ဆိုတာက သတ္တုတွင်းဌာန တစ်ခုတည်း ဆိုင်တာမှ မဟုတ်တာ။ သစ်တောတို့ ရေမြစ်ဖြိုးတို့လည်း ဆိုင်တာပဲ။ ကျောက်မီးသွေးတွေ မြစ်ရေတွေထဲ ကျတယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်စေပါတယ်။ ကလေးဝ ဆိပ်ကမ်းမှာကလည်း ၀ယ်လက်တွေက ပုံတာများတယ်” ဟု ကလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးနေညီညီထွဋ်အောင်က ပြောကြားသည်။


Source : Eleven Media Group

Facebook comments