စည်းကမ်းမဲ့ စွန့်ပစ်မြေစာများကြောင့် ဖားကန့်မြို့တွင် နှစ်စဉ်ရေနစ်မြုပ်မှု ဖြစ်ပေါ်ပြီး ပျက်စီးသွားသော နေအိမ်များ ပြင်ဆင်စရိတ်ပေးရန် လွှတ်တော်မှ အစိုးရသို့ တင်ပြထားသော်လည်း

javascript

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအချို့၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုကြောင့် ဖားကန့်မြို့တွင် နှစ်စဉ်ရေနှစ်မြုပ်မှု ဖြစ်ပေါ်ပြီး ပျက်စီးသွားသော နေအိမ်များအား ပြင်ဆင်စရိတ်ပေးရန် ကချင်ပြည်နယ် လွှတ်တော်မှ အစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း လေးလကျော် ကြာမြင့်သည်အထိ ထူးခြားမှုမရှိကြောင်း ဖားကန့် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။

“ဒီဒေသမှာရှိတဲ့ ပျက်စီးသွားတဲ့ အိုးအိမ်ပိုင်ရှင်တွေရဲ့ နစ်နာမှုကို ယနေ့အထိ လာရောက်ကူညီ ဆောင်ရွက်ပေးတာ မရှိဘူး။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးချက်အရ ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုကြောင့် အေးမြသာယာရပ်ကွက်ဆိုရင် သုံးပုံနှစ်ပုံလောက် နစ်မြုပ်ပျက်စီးတာပေါ့နော်။ ငှက်ပျောတောရပ်ကွက် ဆိုရင်လည်း အိမ်ခြေ ၃၀ ကျော် ၄၀ လောက်၊ မြို့မဆိုရင်လည်း အိမ်ခြေ ၃၀ ကျော်မှာ နစ်မြုပ်ပျက်စီးသွားတဲ့ အနေအထားရှိတယ်။ ဒီလိုနစ်မြုပ်ပျက်စီးရတာဟာ သဘာဝ မဟုတ်တဲ့ ကျောက်တူးဖော်မှုတွေကြောင့် နှစ်စဉ်ရေကြီး ရေလျှံပြီး မြေစာတွေ မျှောပါပို့ချမှုကြောင့် အိုးအိမ်တွေပျက်စီးရတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောကြားသည်။

ဖားကန့်မြို့ပေါ် ရပ်ကွက်များဖြစ်သော အေးမြသာယာ၊ မြို့မ၊ ငှက်ပျောတော ရပ်ကွက်တို့တွင် နှစ်စဉ် မိုးတွင်းအချိန်၌ သဘာဝမဟုတ်ဘဲ ကျောက်စိမ်းတူးဖော်သော ကုမ္ပဏီအချို့၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း၊ ပျက်စီးသွားသော နေအိမ်များမှာ မိမိတို့အစီအစဉ်ဖြင့် နေထိုင်ရပါသောကြောင့် ကွင်းဆင်းစစ်ဆေးပြီး ပြင်ဆင်စရိတ်များကို ဆောင်ရွက်ပေးစေလိုကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက တင်ပြခဲ့ခြင်းအပေါ် ကူညီဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်မှ သစ်တော၊ သတ္တု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီအား ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီမှ ကွင်းဆင်းစစ်ဆေးရာမှ တွေ့ရှိချက်များအား ကချင်ပြည်နယ် လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌမှ “အစိုးရအဖွဲ့သို့ ပေးပို့ရန်” ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

“ဒီအိမ်တွေဟာ နစ်နာကြေးလည်း မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကွင်းဆင်းတွေ့ရှိချက်ကို သုံးသပ်ပြီး သက်ဆိုင်ရာကို အစီရင်ခံစာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာ အစိုးရအဖွဲ့ကနေ နစ်နာသူတွေကို လာရောက်နှစ်သိမ့်တာမျိုးတောင် မရှိတဲ့အတွက် ဒါကိုအမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်။ သို့မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ အစီရင်ခံစာကိုတောင်မှ တုံ့ပြန်မှု နှောင့်နှေးနေမယ်ဆိုရင် အခြားသော သာမန်ပြည်သူတွေကနေ တင်ပြလာတဲ့စာတွေဟာ မတွေးဝံ့စရာ ဖြစ်ပါတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောကြားသည်။

ဖားကန့်မြို့အား ဖြတ်သန်းစီးဆင်းနေသော ဥရုချောင်းနှင့် ၎င်း၏ချောင်းလက်တက်များတွင် ယခင်က စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခဲ့ခြင်းကြောင့် ချောင်းတိမ်ကောလာကာ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် နှစ်စဉ်ရေကြီး ရေလျှံမှု ဖြစ်ပေါ်လာခဲ့သည့်အပြင် ရေစီးကြောင်း အတွင်းမျှောပါလာသည့် မြေစာများမှာလည်း မြို့ပေါ်ရပ်ကွက်များသို့ နှစ်စဉ်ပို့ချခဲ့ရာ အိမ်ခြေအများအပြား နစ်မြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။

Source : Eleven Media Group

Facebook comments