ထားဝယ်မြို့သစ် အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှား

javascript
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့သစ်အိမ်ခြံမြေ ဈေးကွက်မှာ ရပ်ကွက်အတွင်းရှိ အဓိက လမ်းမတွေ ကို အဆင့်မြင့်လမ်းခင်းလာတာကြောင့် မြေအရောင်းအဝယ်တွေ ပြန်လည် လှုပ်ရှားလာပါတယ်။

ထားဝယ်မြို့သစ်ရပ်ကွက်အတွင်း အဓိကလမ်းတွေဖြစ်တဲ့ ကမြောကင်း(၄)လမ်းကနေ (၇)လမ်းအထိ လမ်း လေးလမ်းကို မြေသားလမ်းကနေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နေတဲ့အတွက် အဲ့သည်အနီးမှာ ရှိတဲ့ အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှားလာတာလို့ သိရပါတယ်။

(၇)လမ်းအနီး နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ ကိုကျော်ထွေးက “ဈေးကွက်အေး နေတာ နှစ်နှစ်လောက်ရှိပြီ၊ အခု လမ်းတွေ ခင်းနေတော့မှ နည်းနည်းလှုပ်လာတာ၊ မြေဈေးနှုန်းတွေကတော့ အပြောင်းအလဲ မရှိဘူး၊ အရင်အတိုင်းပဲ၊ လမ်းမတန်း အကွက်တွေဆိုရင်တော့ ဈေးပိုများတယ်၊ တစ်ကွက်စ၊ နှစ်ကွက်စတော့ အရောင်းဖြစ်နေပါပြီ” လို့ ပြောပါတယ်။
ထားဝယ်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း မြို့တွင်းအကွက်တွေသာ အရောင်းအဝယ် အနည်းငယ်ဖြစ်ပြီး ကျန် နေရာတွေမှာ အရောင်းအဝယ် အေးနေခဲ့တာ နှစ်နှစ်ကျော်ကြာပါပြီ။ လက်ရှိမှာတော့ လမ်းတွေ ပြန်ခင်းနေတာ ကြောင့် မြို့သစ်အိမ်ခြံမြေဈေးကွက်တွေ ပြန်လည် အသက်ဝင်လာတာလို့ သိရပါတယ်။

ကမြောင်းကင်း(၃)လမ်းမှာ နေထိုင်သူ ဒေါ်သန်းတင်က “ဒီမှာက တခြားဒေသတွေလို ပွဲစားသတ်သတ် မရှိဘူး၊ နည်းတယ်၊ အများစုက နီးစပ်ရာ အချင်းချင်း စပ်ပေးပြီး ရောင်းလိုက်ကြတာများတယ်၊ လမ်းတွေ အားလုံး ပြီး သွားမယ်ဆိုရင်တော့ မြေဈေးတွေ ဒီထက်ပိုတက်နိုင်မယ်လို့ ခန့်မှန်းထားတာပဲ၊ အရောင်းအဝယ်က အရမ်းကြီး မကောင်းသေးဘူး၊ အစမို့” လို့ ပြောပါတယ်။

ရပ်ကွက်အတွင်းရှိ အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ မြေကွက်တွေကတော့ ပေ ၄၀x ပေ ၆၀ တစ်ကွက်ကို အိမ်မပါ ကျပ်သိန်း ၃၀၀ ဝန်းကျင် ရောင်းဈေး ရှိပါတယ်။ လမ်းမကြီးတွေနဲ့ တစ်လမ်းကျော် မြေကွက်တွေဆိုရင် ပေ ၄၀ x ပေ ၆၀မြေတစ်ကွက်ကို ကျပ် သိန်း ၁၅၀ကနေ ၂၀၀ ဝန်းကျင် ဈေး ရှိနေပါတယ်။ ကမြောင်းကင်း-ထားဝယ်လမ်းမကြီးပေါ်ရှိ မြေကွက်ဆိုရင် သိန်းထောင်ဂဏန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံ မြေ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Source: The Modern

Facebook comments