နေရာအသစ်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည့် ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေ စတင်ဖွင့်လှစ်

javascript

ညောင်တုန်းမြို့တွင် နှစ်စဉ် ပွင့်လင်း ရာသီချိန်ရောက်ချိန်တိုင်း ဖွင့်လှစ်ခဲ့သည့် ညောင်ချောင်းသာ(ရန်ကင်းသာ)ကမ်းခြေကို ဖေဖော်ဝါရီ ၈ ရက် ညနေ ၄ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေအား ယခင်နှစ်စဉ် ဖွင့်လှစ်လေ့ရှိသည့် နေရာမှ တစ်မိုင်ခန့်အကွာ ဗိုလ်မြတ်ထွန်းတံတားနှင့် ဧရာဝတီတံတားအနီးရှိ သောင်ပြင်နေရာတွင် ယခုနှစ်မှ စတင်ကာ နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ခြင်းပြီး ကမ်းခြေနေရာ အသစ်မှာ ပေ ၁၅၀၀ ခန့် ရှည်လျားကြောင်း၊ ကမ်းခြေတွင် ဆိုင်ခန်းပေါင်း ၆၀ ဖွင့်လှစ်ထားရှိပြီး အပန်းဖြေခရီးသွားများ တည်းခိုနိုင်ရန် ဘန်ဂလိုများပါ ထည့်သွင်း တည်ဆောက်ထားကြောင်း၊ ဈေးဆိုင်တန်းများမှ ကမ်းခြေထိ ပေ ၅၀၀ ခန့် ကျယ်ဝန်းပြီး လာရောက် အပန်းဖြေသူများအနေဖြင့် သောင်ပြင်ကျယ်ပေါ်တွင် လွတ်လပ်စွာ အပန်းဖြေနိုင်ကြကြောင်း၊ လာရောက်အပန်းဖြေသူများ လုံခြုံ ရေးအတွက် ရဲတပ်ဖွဲ့မှ တပ်စိပ် တစ်စိပ်ကို အသုံးပြုကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးများ ရယူပေးထားကြောင်း၊ ကမ်းခြေသို့ ၀င်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်၂၀၀ သတ်မှတ်ထားပြီး မော်တော်ဆိုင်ကယ်များ အပ်နှံခမှာ တစ်စီးလျှင် ကျပ် ၅၀၀၊ မော်တော်ယာဉ် တစ်စီးလျှင် အပ်နှံခ ကျပ် ၁၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

“ညောင်ချောင်းသာ ကမ်းခြေတွင် တံတားလေလံကြေး ၈၂၅ သိန်း၊ ဆိုင်ခန်း ၆၀ အတွက် ရောင်းရငွေ သိန်း ၃၀၀၊ လျှောက်လွှာခငွေများ အပါအ၀င် စုစုပေါင်း သိန်း ၁၁၀၀ ကျော် ရရှိခဲ့ပါတယ်။ ရရှိငွေများကို စည်ပင်ကော်မတီမှ ဆက်လက်ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညောင်တုန်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ညောင်ချောင်းသာ ကမ်းခြေသို့ လာရောက် အပန်းဖြေသူတစ်ဦးက “မနှစ်ကလည်း အရင်နေရာကို ရောက်ဖူးပါတယ်၊ ဒီနေရာလောက် မကျယ်ဘူး၊ ဒီနေရာက ရေနဲ့လည်း နီးတယ်၊ သောင်ပြင်လည်း ကျယ်တယ်၊ ရေလည်း မနက်ဘူး၊ အန္တရာယ်ရှိဆိုပြီး ကန့်ထားတဲ့ ရေပေါ်ဘောတွေ ချထားတဲ့နေရာကတောင် ကမ်းစပ်ကနေ ပေ ၃၀၀ လောက် ဝေးနေတော့ ရေကူးရတာလည်း အဆင်ပြေတယ်” ဟု ရန်ကုန်မြို့မှ လာရောက်အပန်းဖြေသူ တစ်ဦးက ပြောကြားသည်။

ညောင်ချောင်းသာ(ရန်ကင်းသာ)ကမ်းခြေကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့မှ နေ့ချင်းပြန် လာရောက် အပန်းဖြေနိုင်သည့် ကမ်းခြေတစ်ခုဖြစ်သောကြောင့် ရုံးပိတ်ရက်များဖြစ်သည့် အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များတွင် လူဦးရေ အများအပြား လာရောက်အပန်းဖြေ အနားယူသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။


Source : Eleven Media Group

Facebook comments