၈၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) တွင် တံတားပြတိုက်၊ အပန်းဖြေဥယျာဉ် ပါဝင်မှုသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ဟုဆို

javascript

၈၃ ရာခိုင်နှုန်း ပြီးစီးနေသည့် သံလွင်တံတား (ချောင်းဆုံ) တွင် တံတားပြတိုက်၊ အပန်းဖြေဥယျာဉ် ပါဝင်မှုသည် မြန်မာနိုင်ငံတွင် ပထမဆုံး တံတားဖြစ်ကြောင်း၊ ဦးသိန်းမြင့်မွန် (တံတားတည်ဆောက်ရေးတာဝန်ခံ) က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားသည်။

“တံတားကြီးရဲ့ တည်ဆောက်ပြီးစီးမှု ရာခိုင်နှုန်း အနေနဲ့ဆိုရင် ၈၃ ရာခိုင်နှုန်း ပြီးနေပါပြီ။ သတ်မှတ်ရက်ပြီးအောင် လုပ်နေပါတယ်။ ကျန်တဲ့လုပ်ငန်းတွေက တံတားရဲ့ အလယ်ပိုင်း လမ်းခင်းဖို့ ရှိပါတယ်။ တံတားအောက် ပန်းခြံက နွေဘက်ဆိုတော့ပြီးအောင် ကြိုးစားလုပ်နေပါတယ်။ ဟိုအရှေ့က တံတားပြတိုက်ပါ။ ပြတိုက်နဲ့ ပန်းခြံပါတဲ့ တံတားဆိုရင် တစ်နိုင်ငံလုံးမှာ ပထမဆုံး ပြောနိုင်ပါတယ်” ဟု ဦးသိန်းမြင့်မွန်က ပြောကြားသည်။

တံတားစတင် တည်ဆောက်ရာမှ လုပ်ငန်းစဉ်အဆင့်ဆင့် တည်ဆောက်မှု မှတ်တမ်းများကို တံတားပြတိုက်တွင် မှတ်တမ်းထား ပြသနိုင်ရန်အတွက် မိမိတို့တံတားသတင်းပါသည့် သတင်းစာ၊ ဂျာနယ်များကို ပေးပို့ခြင်းဖြင့် ကူညီပေးပါရန် ဦးသိန်းမြင့်မွန်က ဆက်လက် ပြောကြားသည်။

တံတားဖွင့်မည့်ရက်ကို ဧပြီ ၉ ရက်ဟု သတင်းထွက်ပေါ်နေမှုအပေါ် မေးမြန်းရာ အတည်ပြု ပြောဆိုခြင်းမရှိခဲ့ပေ။ သံလွင်တံတား (ချောင်းဆုံ) ကို ၂၀၁၅ ခုနှစ်ဆန်းက ပန္နက်ချ တည်ဆောက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အစ ဧပြီလတွင် ပြီးစီးမှုသည် လူဦရေနှစ်သိန်းကျော် နေထိုင်ပြီး ယခင်က တစ်နိုင်ငံလုံးသုံး ကျောက်သင်ပုန်းလုပ်ငန်း၊ ဆေးတန်၊ တုတ်ကောက်လုပ်ငန်းများ၊ ကျွန်းထွက်၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ငါးမျိုးစုံတို့၏ ဈေးကွက်ကျယ်ပြန့်လာခြင်း၊ ရန်ကုန်-မော်လမြိုင်-မြ၀တီဖြင့် တိုက်ရိုက် ကူးသန်းရောင်းဝယ်လာနိုင်ခြင်း၊ မော်လမြိုင်တက္ကသိုလ်၊ အထက၊ အလကများသို့ ပညာသင်ကြားမှု နေ့ချင်းပြန်လွယ်ကူခြင်း၊ ကျန်းမာရေးအတွက် အချိန်မရွေး ပြည်နယ်ဆေးရုံ တက်ရောက်ကုသနိုင်ခြင်းများ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ပါက မြေနေရာများ ပေါများလာနိုင်ကြောင်း ဦးမင်းဝင်းလှ (၅၄ နှစ်) ချောင်းဆုံမြို့နယ်နေသူက ပြောကြားသည်။

မော်လမြိုင်မြို့တွင်နေထိုင်သည့် ဘီးလူးကျွန်းဇာတိ ဦးဝင်းကြည် (၈၂နှစ်) က ပြောကြားရာ “လှေပဲ့ချိတ်တွေ မစီးရဲလို့ ဘီးလူးကျွန်းမပြန်တာ အနှစ် ၂၀ ကျော်နေပြီ။ အခုတော့ ကားလေးနဲ့ သွားရမယ်ဆိုတော့ အိပ်မက်လို ဖြစ်နေတယ်။ နိုင်ငံခြားသား ခရီးသွားတွေ သွားလာလွယ်ကူရင် အရင်ကထက် လာတာများမယ်ဆိုတော့ ကိုယ်တွေရဲ့ကောင်းတဲ့ ထုံးစံဓလေ့တွေ မပျက်အောင်ထိန်းဖို့ လိုသလို ၀င်ထွက်လွယ်မှုအပေါ် မသမာသူတွေ ပေါနိုင်တာကို သတိထားဖို့ လိုပါတယ်” ဟု ပြောကြားသည်။ 


Source : Eleven Media Group

Facebook comments