မြေယာစစ်ဆေးရေး ကော်မတီကို သင်တန်းပို့ချမည်

javascript
နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများကို မြေယာ ပြန်လည်ပေးဆောင်ဖို့ မြေယာ စစ်ဆေးရေး ကော်မတီတွေကို သင်တန်းပို့ချပေးမှာ ဖြစ်တယ်။

“နေပြည်တော်က မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေကို မြေယာလျော်ကြေးအနေနဲ့ ပြန်လည် ပေးဆောင်ဖို့အတွက် ဘယ်လို ပုံစံနဲ့ ပေးရမလဲ၊ ဘယ်လို စိစစ်ရမလဲဆိုတာကို ကျွန်တော်တို့ကို သင်တန်းအနေနဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပျဉ်းမနားမြို့က လွှတ်တော်ကိုယ်စားလှယ် ကိုသန်းစိုးအောင်က ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ ဗမ္ဗူသီရိမြို့နယ်တို့မှ မြေယာစစ်ဆေးရေး ကော်မတီဝင်တွေကို လုပ်ငန်းစွမ်းဆောင်ရည် သင်တန်းပို့ချခဲ့ပြီး ဖြစ်ပါတယ်။

အဲသည်လို သင်တန်းပေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ၊ ရပ်ကျေးအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ပြီး ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သင်တန်းပို့ချမှာ ဖြစ်ပါတယ်။

ပျဉ်းမနားမှာ ၃၆ အုပ်စု ရှိတာကြောင့် ရပ်ကျေးက ၃၆ ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ သင်တန်း ထပ်မံ ပို့ချပေးမှာ ဖြစ်တယ်။
မြေသာ ပြန်ရချင်

မြေယာသိမ်းခံ တောင်သူတွေက မြေယာလျော်ကြေး ပြန်လည်ပေးဆောင်တဲ့ အခါမှာ ငွေပေးချေမှုထက် သိမ်းဆည်းခံလိုက်ရတဲ့ မြေယာတွေကို သာ ပြန်လည် ရယူချင်တာကြောင့် တောင်သူတွေကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ညှိနှိုင်းဆောင်ရွက်ခဲ့ပေမဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တယ်လို့ တောင်သူတွေရဲ့ ပြန်လည် ပြောပြချက်အရ သိရပါတယ်။

“ကျွန်တော် တောင်သူအနေနဲ့ကတော့ လယ်ယာမြေပဲ ပြန်ရချင်တယ်၊ သူတို့ဟာ သူတို့ ဘာတွေပဲ စီစဉ်နေ စီစဉ်နေပေါ့၊ အခုထိတော့ လယ်ယာမြေ အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က ဆက်သွယ်တာတော့ မရှိသေးပါဘူး” လို့ ဒက္ခိဏသီရိမြို့နယ်က လယ်ယာသိမ်းခံတောင်သူ ကိုမင်းဇော်က ဆိုပါတယ်။

“နေပြည်တော် တည်ဆောက်ရေးအတွက် ပြည်သူတွေရဲ့ မြေကွက်တွေကို အသုံးပြုခဲ့တာတွေ ရှိတယ်၊ ပြည်သူတွေ နာကြည်းမှုအတွက် ၊ ပြည်သူတွေရဲ့ ဘဝ ပြန်လည် တည်ထောင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်နဲ့ သမိုင်းကြွေးကို ဆပ်သွားမှာပါ” လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

Source: Kumudra

Facebook comments