ကမ်းနားလမ်း ညဈေးတွင် လမ်းဘေး ဈေးသည် ၁,၆၀၀ ကျော်အတွက်သာ နေရာပေးနိုင်၍ ဈေးသည်များ ဝေဖန်

javascript

မြို့တွင်းမြို့နယ်လေးခုရှိ လမ်းဘေးဈေးသည်များသည် ကမ်းနားလမ်း ညဈေးသို့ ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့မည်ဖြစ်ပြီး စာရင်းကောက်ခံထားသောဈေးသည် ၆,၀၀၀ ကျော်မှ ၁,၆၀၀ ကျော်အတွက်သာ နေရာပေးနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ သတင်းရရှိသည်။

YCDC သည် ညဈေးတန်းများ ဖွင့်လှစ်ခြင်းဖြင့် လမ်းဘေး ဈေးသည်များ ပပျောက်ရန် ရည်ရွယ်ထားပြီး ပထမဆုံးအဖြစ် မြို့တွင်းမြို့နယ်လေးခုရှိ လမ်းဘေး ဈေးသည်များကို ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်သည်။

‘‘ဒီလ ၂၃ ရက်ည ဖွင့်လှစ်ဖို့လျာထားတယ်။ ၂၃၊ ၂၄ တစ် ရက်ရက်ပေါ့။ အခုက လုပ်ပေးနိုင်သလောက် လုပ်ပေးထားတာ။ မှတ်ပုံတင်ထားတဲ့ ၆,၀၀၀ ကျော် ထဲက ၁,၆၀၀ ကျော်ကို လောလောဆယ် နေရာချထားပေးမယ်။ ကျန်တဲ့သူတွေကို နောက်ပိုင်းမှာ စနစ်ကျ နေရာချထားပေးဖို့ လုပ်ဆောင်သွားမယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်အတွင်းရှိ လမ်းဘေးဈေးသည်များထဲမှ သစ်သီးသည်နှင့် စားသောက်ဆိုင်များကို ဦးစားပေး၍ ဘဏ်လမ်း၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကမ်းနားလမ်းတစ် လျှောက်တွင် ဈေးသည် ၁,၆၀၀ ကျော်အား နေရာချထားပေးမည်ဖြစ်ပြီး ကျန်လမ်းဘေးဈေးသည်များကို နီးစပ်ရာအတွင်းလမ်းများ၌ ပြောင်းရွှေ့ရောင်းချရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

ယင်းကဲ့သို့ထားခြင်းသည် နေရာမရရှိသော ဈေးသည်များအတွက် အဆင်ပြေမည်မဟုတ်ဘဲ ဈေးသည်အားလုံး မပါဝင်သည့် ညဈေးတန်း ဖော်ဆောင်ခြင်းမှာ စည်ပင်လူကြီးများ နေရာရရေးအတွက် လုပ်ဆောင်နေခြင်းဟု ထင်မြင်ကြောင်း လမ်းဘေး ဈေးသည်အချို့က ဝေဖန်သည်။

‘‘လုပ်ပုံကိုင်ပုံ သိပ်မပီပြင်ဘူးလို့ပြောရမလား၊ လုပ်မယ်ဆိုရင်လည်း ဈေးသည်ဟူသမျှ အားလုံးထည့်ပေါ့။ အခုက သိပ်ပြီး စနစ်မကျဘူး။ လုပ်ဆောင်ချက်က ညဈေးတန်း ဖော်ပါတယ်ဆိုတဲ့လူကြီးတွေ အလုပ်လုပ်ပါတယ် နာမည်ရအောင် လုပ်တဲ့သဘောမျိုး။ သိပ်တော့မကြိုက်ဘူး’’ဟု အနော်ရထာလမ်းမပေါ်ရှိ သစ်သီးသည် ဒေါ်မြသန်းကြည်က ပြောသည်။

ညဈေးတန်းသို့ ပြောင်းရွှေ့ပြီးပါက အဓိကလမ်းမများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့်ဘုန်း ကြီးလမ်းတို့တွင် ၂၄ နာရီ ဈေးရောင်းချခွင့် လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးကြေညာထားပြီး ညဈေးတန်းတွင် နေရာမရရှိသည့် ဈေးသည်များ၏ စားဝတ်နေရေးအတွက် အခက်တွေ့မည်ဖြစ်ကြောင်း ပန်းရောင်းချသည့် ဒေါ်ခင်မိုးဦးက ပြောသည်။ ‘‘အစ်မက ပြောင်းရမယ့် အထဲမှာပါတယ်။ မဲနှိုက်လိုက်တော့ မဟာဗန္ဓုလပန်းခြံလမ်းကို သွားရောင်းရမယ်။ အဲဒီမှာလည်း အဆင်ပြေမှာမဟုတ်ဘူး။ မူလရောင်းနေတဲ့သူတွေရှိတယ်။ သူတို့က ဖယ်ပေးမှာမဟုတ်ဘူး။ နောက်ပြီး ဈေးရောင်းချိန်က ညနေ ၃ နာရီကနေ ည ၁၁ နာရီ။ အခုတစ်နေကုန်ရောင်းတာတောင် စားဝတ်နေရေးက ရုန်းကန်နေရတာ။ သူတို့(စည်ပင်)က သတ်မှတ်လိုက်တဲ့အချိန်က အခက်တွေ့စေတယ်’’ဟု အနော်ရထာလမ်းမပေါ်ရှိ ၂၇ လမ်းအနီး သစ်သီးရောင်းချသူ ဒေါ်ခင်မာအေးက ပြောသည်။

လမ်းဘေးဈေးသည်အများစုသည် ကုန်ခြောက်များသာဖြစ် ပြီး သစ်သီးသည်နှင့် စားသောက်ဆိုင်များကို ဦးစားပေး နေရာပေးခြင်းသည် ကျန်ဈေးသည်များအတွက် အခက်အခဲဖြစ်ပေါ်စေကြောင်း ဖိနပ်ရောင်းချသူ ဦးခင်မောင်အေးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့တွင်းမြို့နယ်များတွင် ယာဉ်အသွားအလာနှင့် လူသွားလူလာအနှောင့်အယှက်ဖြစ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် လမ်းမပေါ်နှင့် လူသွားစင်္ကြံပေါ်တွင် ဈေးရောင်းချသူများကို ပြောင်းရွှေ့နေရာချထားရန် စီစဉ်ခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Source : 7day Daily

Facebook comments