ငွေကြေးရော လုပ်သားပြန်ခေါ်ရမှုမှာပါ အခက်အခဲရှိနေတဲ့ ဆောက်လုပ်ရေးဈေးကွက်

javascript
ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်တာတွေ ရှိလာပေမဲ့ ငွေကြေးပိုင်းအခက်အခဲတွေရှိသလို လုပ်ငန်းပိုင်းပြန်စတင်ရတာ ဖြစ်တဲ့အတွက် အလုပ်သမားတွေကို ပြန်လည်ခေါ်ယူရတာတွေက အခက်အခဲရှိစေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်က သိရပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ချေးငွေအများဆုံးက ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဖြစ်ပြီး ချေးငွေပမာဏက ကျပ်နှစ်ထရီလျံ ရှိတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာလှမောင်က စီးပွားဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့တာပါ ။

ဆောက်လုပ်ရေးဈေးကွက်က အေးစက်နေခဲ့တာကြာမြင့်နေတဲ့အပြင် အထပ်မြင့်တွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ၊ စည်းကမ်းချက်တွေ ပြောင်းလဲသတ်မှတ်မှုတွေကလည်း ဈေးကွက်ကို ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့ သိရတယ် ။

သည်နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတချို့ ပြန်လည်လုပ်ဆောင်နေတာတွေ ရှိပေမဲ့ လုပ်ငန်းအများစုက အရင်ပုံစံအနေအထားပြန်ရဖို့လုပ်ဆောင်ရမှုတွေမှာအခက်အခဲရှိစေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့က ပြောပါတယ် ။

ထရိုင်စတားဆောက်လုပ်ရေးလုပ်ငန်းက ကိုမင်းဦးက ‘လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ လုပ်ဆောင်တဲ့အခါမှာ အကုန်လုံးအစကနေ ပြန်စကြရတယ် ၊ ငွေကြေးပိုင်းက ပိုပြီး အခက်အခဲကြုံရတယ်’ လို့ ပြောပါတယ် ။

ဆောက်လုပ်ရေးဆိုက်တွေ နားထားချိန် အလုပ်နားထားတဲ့အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ခေါ်ရတာလည်း အခက်အခဲရှိစေတယ်လို့ ပြောပါတယ် ။ ကျွမ်းကျင်တဲ့ လုပ်သားတွေကို ပြန်ခေါ်ယူရတဲ့အခါ လုပ်အားခတွေ ဈေးမြင့်တာ ၊ ခေါ်ယူရတာခက်ခဲတာတွေ ကြုံရတယ်လို့ သိရတယ် ။

ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက ‘အရင်ကလို ကြိုပွိုင့်ဈေးကွက်ကလဲ ဝယ်ယူသူတွေက ငွေထပ်မသွင်းချင်ကြတော့ဘူး ၊ ယုံကြည့်မှုအားနည်းလာတော့ ပြောင်းလဲလာမယ့်အခြေအနေတွေ စောင့်ကြည့်ရင်း ငွေမသွင်းချင်ကြတော့ဘူး’ လို့ ဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပါတယ်။

Source: The Modern

Facebook comments